စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ အန်အယ်လ်ဒီပါတီတိုင်းရုံးကို ဇန်နဝါရီ ၁ ရက် မနက်အစောပိုင်း တစ်နာရီလောက်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ပါတီ ရုံးအနီးနေသူတွေထံက သိရပါတယ်။
အဲဒီ အန်အယ်လ်ဒီပါတီရုံးဟာ စစ်အာဏာသိမ်းပြီးနောက် ပါတီခေါင်းဆောင်တွေ အဖမ်းခံရချိန်ကတည်းက ပိတ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ညက လာပြီး ဖောက်ခွဲတာ။ ဘယ်အဖွဲ့လဲဆိုတော့။ စစ်တပ်က လူတွေဗျ။ ညအချိန် ၁ နာရီအချိန်ကြီး လာဖောက်သွားတာ။ အပျက်အစီးကတော့ အတိအကျ သွားမကြည့်ရဲဘူး။ ဒီပါတီရုံးကို စစ်တပ်က စောင့်ကြည့်နေတာ။ ပါတီနဲ့သက်ဆိုင်သူတွေ ဒီရုံးကိုလာရင် ဖမ်းဆီးဖို့ရာ အသင့်စောင့်နေကြတာ။ စောင့်တဲ့သူတွေကလည်း အရပ်ဝတ်တွေနဲ့ စောင့်နေကြတယ်လို့ ပါတီရုံးအနီးက ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း အန်ယယ်လ်ဒီပါတီတိုင်းရုံးကို ပါတီဆိုင်းဘုတ်ကို စစ်ကောင်စီတပ်တွေက ဆေးနဲ့ဖျက်တာ၊ ပရိဘောဂတွေ ရိုက်ချိုးဖျက်ဆီးတာတွေကိုလည်း ဒီဇင်ဘာ ၁၀ ရက်က လုပ်ဆောင်ခဲ့ပါတယ်။