ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ မင်္ဂလာမူဆယ်ဈေးအနီး ငွေစင်အိမ်ရာမှာ မနေ့ည ၈ နာရီကျော်လောက်က စစ်ကောင်စီလက်အောက်ခံ ပြည့်သူစစ်အချင်းအချင်း ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် ပြည်သူတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြရတယ်လို့ သိရပါတယ်။
ပန်းဆေးပြည်သူ့စစ်၊ နမ့်ခမ်းမြို့မပြည်သူ့စစ်ကတဖက်နဲ့ ကွတ်ခိုင်တာမိုးညဲပြည်သူ့စစ်တို့ ပစ်ခတ်ကြတာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေရှိကြောင်း၊ မူဆယ်ဆေးရုံမှာတော့ ဒဏ်ရာရသူ ၁ ဦး ရောက်ရှိတယ်လို့ မူဆယ်ဒေသခံက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ချင်း ဘာပြဿနာရှိလဲတော့ မသိဘူးခင်ဗျ။ ပစ်ခတ်သံတွေကြားတော့ ပြည်သူတွေ ကြောက်တာပေါ့။ လက်ရှိ တိုင်းပြည်ကလည်း မငြိမ်သက်၊ ဒုစရိုက်မှုတွေလည်းများတော့လေ။ အသံတွေက ည ၈ နာရီကျော်နဲ့ ၉ နာရီ ကြားမှာပါ။ ၁၀ - ၁၅ မိနစ်လောက်ကြာမယ်ထင်တယ်၊ ရဲ ၁ ယောက် ပြည်သူ့စစ် ၂ ယောက် ထိမှန်ပြီး သေဆုံးတာလည်းရှိတယ်။ ဘယ်နှယောက်သေလဲ တော့ မသိဘူး။ မူဆယ်ဆေးရုံကိုတော့ ၁ ယောက်ပဲ ရောက်လာတယ်။ အဖမ်းခံရတာတွေလည်း ရှိတယ်၊ ဘယ်ဘက်က ဘယ်ဘက်ကိုဖမ်းလဲတော့ မသိရပါဘူးခင်ဗျ။”
အဆိုပါပြည်သူ့စစ်တွေဟာ မူဆယ်နဲ့ တရုတ်နယ်စပ်ကြား ပန်ခမ်း၊ နောင်ရမ်း၊ စွမ်စော် စတဲ့ ကျေးရွာတွေမှာ အဆင့်မြင့်တိုက်တာတွေ တည်ဆောက်ပြီး ကာစီနိုလောင်းကစားဝိုင်း၊ အနှိပ်ခန်း၊ ကာရာအိုခေတွေ ဖွင့်လှစ်ကာ မူးယစ်ဆေးတွေပါ ရောင်းချနေကြတာလို့ ဒေသခံက ပြောပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင်ပိုင်းဟာ အများအားဖြင့် တရုတ်လူမျိုးတွေဖြစ်ပြီး တပည့်တွေက ဒေသခံတိုင်းရင်းသားနဲ့ ပြည်မကလာတဲ့ ရွှေ့ပြောင်းလုပ်သားတချို့ပါ ပါဝင်ကြောင်း၊ လက်နက်တွေသာ ကိုင်ဆောင်ထားပြီး နိုင်ငံရေးရည်မှန်းချက်မရှိ၊ ရပ်ရွာအကျိုးပြု လုပ်ငန်းတွေ ဘာမှလုပ်တာမတွေ့ရဘဲ လောင်းကစားနဲ့ မူးယစ်ဆေးလုပ်ငန်းတွေမှာ ခွင်လုရင်း အခုလို အချင်းချင်း ပစ်ခတ်တာတွေ မကြာခဏ ရှိနေပြီး သက်ဆိုင်ရာကလည်း ဘာမှအရေးယူတာ မတွေ့ရဘူးလို့ မူဆယ်ဒေသခံက ပြောပါတယ်။