လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေမှာ ကရင်တိုင်းရင်းသားအားလုံး ကရင်အမျိုးသားအကျိုးစီးပွားအတွက်၏ ကြိုးပမ်းအားထုတ်ကြဖို့နဲ့ ကျရာအခန်းကဏ္ဍအသီးသီးမှ ခုခံတွန်းလှန်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်း လိုက်ပါတယ်။
လာမယ့် ဇန်နဝါရီ ၂ ရက်နေ့ ကျရောက်မယ့် ၂၇၆၁ ခုနှစ်မြောက် ကရင်အမျိုးသားလုံးဆိုင်ရာ နှစ်သစ်ကူးအတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ကေအန်ယူ ဥက္ကဋ္ဌက ထည့်သွင်း ပြောဆိုခဲ့တာပါ။
မတူကွဲပြားလျက်ရှိနေတဲ့ အခွင့်အရေးတွေ၊ နိုင်ငံရေးမသင့်မြတ်မှုတွေကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းဟာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာ နည်းလမ်းဖြစ်ပြီး နိုင်ငံရေးနည်းလမ်းအရ အဖြေရှာနိုင်ဖို့ ကေအန်ယူအနေနဲ့ ခေတ်အဆက်ဆက်က တောင်းဆိုလာခဲ့ ပေမယ့် ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ နိုင်ငံဆန္ဒနဲ့ ကောင်းမွန်တဲ့ နိုင်ငံရေးအတွေး အမြင်မရှိခဲ့ကြဘူးလို့ ဆိုပါတယ်။
ကေအန်ယူအနေနဲ့ အပစ်အခတ်ရပ်စဲပြီး နိုင်ငံရးပြဿနာတွေကို တွေ့ဆုံဖြေရှင်းနိုင်ခြင်းမရှိပါက ပြည်တွင်းငြိမ်းချမ်းရေးကို လုံးဝ တည်ဆောက်နိုင်မှာမဟုတ်ကြောင်း နာလည်ထားတဲ့အတွက် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အေးချမ်းစွာ တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး၊ ပြည်သူလူထု သာယာဝပြောရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးတွေကို အချိန်နဲ့ငွေကုန်ကြေးကျများစွာ ရင်းနှီးပြီး ကြိုပမ်းအားထုတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီတွေ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ အကောင်းဆုံးပူးပေါင်လုပ်ဆောင်ပြီး ပြည်သူနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေကလည်း ကေအန်ယူကို ကူညီထောက်ပံ့မှုတွေ ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်တပ်က အသစ်တဖန် အာဏာသိမ်းယူခဲ့တဲ့အတွက် ကေအန်ယူရဲ့ ကြိုးပမ်းအားထုတ်မှုတွေကလည်း အလဟဿ ဖြစ်ပေါ်ခဲ့ရတယ်၊ ဒါကြောင့် စစ်အာဏာရှင်တွေက နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မှန်ကန်တဲ့ စိတ်စေနာနဲ့ ဖြေရှင်းလိုစိတ်ကင်းဝေးနေသမျှ နိုင်ငံရေးအရ စစ်မှန်သော တွေ့ဆုံတွေးနွေးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး ကြိုးပမ်းမှုဟာလည်း မည်သို့မှ ဖြစ်ပေါ်လာနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် နိုင်ငံတဝန်း ပြည်သူလူထုတွေ၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်တွေ အနေနဲ့လည်း ဒီလို ပကတိအခြေအနေနဲ့ အဖြစ်မှန်တွေကို နာလည်သဘောပေါက်လာကြပြီး လက်နက်ကိုင်ခုခံတိုက်ပွဲ ဆင်နွှဲနေကြတာ မျက်ဝါးထင်ထင် တွေ့ရှိနေရပြီလို့ ဆိုပါတယ်။
ဒါကြောင့် အတင်းအဓမ္မလုယူခံထားရတဲ့ မိမိတို့ရဲ့ အခွင့်အရေးတွေ ပြန်လည်ရယူပြီး မိမိတို့ အမျိုးသားရေးအခွင့်အရေးနဲ့ မိမိတို့ရဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်နေတဲ့ မတရားတဲ့ နိုင်ငံရေးစနစ်တွေကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြဖို့နဲ့ အယောက်စီတိုင်း မိမိတို့ကျရာ အခန်းကဏ္ဍအသီးသီးမှာ မိမိတို့ရဲ့ အမျိုးသားဂုဏ်အင်္ဂါလက္ခဏာရပ်တွေကို တိုက်ခိုက်ဖျက်ဆီးလာမယ့် ရန်သူမျိုးအပေါင်းကို ခုခံတွန်းလှန်ကြဖို့ တိုက်တွန်းထားပါတယ်။