Home
မြန်မာသတင်း
မိုင်းကိုင်မြို့နယ်၌ ရှမ်းတပ်အချင်းချင်းတိုက်ပွဲဖြစ် သံဃာနှင့်ရွာသားများထွက်ပြေး
DVB
·
December 30, 2021

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၉ ရက်က ရှမ်းလက်နက်ကိုင်အဖွဲ့တွေအကြား  တိုက်ပွဲဖြစ်တာကြောင့် ရဟန်းသံဃာနဲ့ ရွာသားတွေပါ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

မနေ့မနက်ကစ ညနေပိုင်းထိ ဟမ်းငိုင်းနဲ့ ဝမ့်မိုင်း ကျေးရွာအုပ်စုထဲမှာ ပစ်ခတ်သံတွေကြားရသလို တပ်ဖွဲ့ဝင်တွေက ရွာထဲဝင်လာတာကြောင့် ရွာသားတွေကြောက်လန့်ပြီး ထွက်ပြေးကြတာလို့ မိုင်းကိုင်ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“ မနေ့မနက် ၉ နာရီခွဲ ၁၀ နာရီလောက်ကစ လွိုင်ယွဲ၊ လွိုင်ဖာကုံး၊ လွိုင်ဆန်းဖောဘက်မှာ သေနတ်သံတွေစပြီးကြားရတယ်လို့ ကျနော်တို့ဆီထွက်ပြေးလာတဲ့ ရွာသားတွေပြောပြပါတယ်။ တချို့က လယ်တောထဲမှာစပါးရိတ်နေရင်းတန်းလန်းနဲ့ သေနတ်သံကြားလို့ တံဇဉ်းပစ်ချပြီး ထွက်ပြေးတာ၊ ဘာအဝတ်အစားအပိုမှယူချိန်မရဘူး၊ ဝမ့်မိုင်းရွာထဲမှာလည်း SSPP စစ်သားတွေ ရောက်လာတယ်၊ သူတို့မနေရဲလို့ထွက်ပြေးလာတယ်၊ နားနေရွာမှာဆိုရင် သံဃာတွေတကျောင်းလုံး အပါးတစ်ရာလောက်။ ပြီးတော့ ရွာသားတွေ ကား ၂ စီးနဲ့ မိုင်းကိုင် ရပ်ကွက် ၄ ကျောင်းကန်ကျောင်းတိုက်မှာ ရောက်နေပါတယ်။”

မနေ့ကတိုက်ပွဲကြောင့် ထွက်ပြေးရတဲ့ရွာတွေမှာ နားမွန်း၊ ဝမ့်လုံ၊ ပန်နောင်၊ နားခိုင်း၊ ဝမ်ဟေ့၊ နားလွန်၊ ခိုယွပ် ၊ နားနေ၊ ဖာလန်းစတဲ့ရွာကဖြစ်ပြီး လောလောဆယ် မိုင်းကိုင်မြို့ပေါ် ကျောင်းကန်၊ ကျောင်းခမ်းနဲ့ လွိုင်လဲန်ကျေးရွာ၊ ဝိန်းငင်းကျေးရွာဘုန်းကြီးကျောင်းတွေမှာ ရောက်ရှိနေကာ တချို့က နီးစပ်ရာဆွေမျိုးအိမ်မှာခိုလှုံနေသလို တခြားဘက်ကို ထွက်ပြေးတာလည်း ရှိဦးမယ်လို့ မိုင်းကိုင်ဒေသခံကပြောပါတယ်။ 

မိုင်းကိုင်မြို့ သံဃာ့ဩဝါဒခံနာရေးကူညီမှုအသင်းကလည်း စစ်ဘေးရှောင်တွေဟာ မိုင်းကိုင်မြို့ နားလုံရှေ့ဘုန်းကြီးကျောင်းမှာ ၂၀၀ ကျော်ရောက်ရှိနေပြီး အကူအညီလိုအပ်ပါက ဖုံးနံပါတ် ၀၉၇၇၀၇၃၄၇၄၆ နဲ့ ၀၉၇၉၀၅၀၀၀၆၉ ကိုဆက်သွယ်ဖို့ အသင်းလူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။

တိုက်ပွဲဖြစ်ရတာနဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် RCSS ရဲ့ သတင်းဌာနဖြစ်တဲ့ Taifreedom news မှာတော့ SSPP တာဝန်ရှိသူတွေဟာ ဒီမတိုင်ခင်ရှေ့ ၂  ရက်လောက်က နှစ်ဘက်တွေ့ဆုံဆွေးနွေးဖို့  ဆက်သွယ်လာခဲ့ကြောင်း၊ RCSS ကလည်း ကြိုဆိုပြီး ဆွေးနွေး မယ့်ကော်မတီဖွဲ့ထားပြီးကာမှ မနေ့မနက်မှာ အင်အား ၅၀၀-၆၀၀ လောက်နဲ့ သူတို့ရဲ့စခန်းတွေ ကို ဝင်တိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုင်းကိုင်မြို့နယ်ထဲမှာ ဒီကနေ့မနက်လည်း ပစ်ခတ်သံတွေ ထပ်ကြားနေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024