မွန်ပြည်နယ်၊ မုဒုံမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုဆန်းလင်းဦးကို ဒီဇင်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် တစ်နှစ်ခွဲ အမိန့်ချခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ကိုဆန်းလင်းဦးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ သီးသန့်တရားရုံးမှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုဆန်းလင်းဦးကို စစ်အာဏာရှင် ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မော်လမြိုင် လာရောက်စဉ် ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီး ဥပဒေ ပုဒ် ၅၀၅(က)နဲ့ အမှုဖွင့်လိုက်တာပါ။
မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေ မကြာခဏ ဖမ်းဆီး စစ်ဆေးမေးမြန်းခံနေပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရုပ်အလောင်းတွေကို ဓာတ်ပုံရိုက်ကူးပြီး ဖေ့စ်ဘွတ်ခ်ပေါ်တင်တဲ့ စွဲစွပ်ချက်နဲ့ သံဖြူဇရပ် နာရေးကူညီမှုအသင်းအဖွဲ့ ဦးကျော်ဝင်းကို စစ်ကောင်စီက ထောင်ဒဏ် ၁ နှစ်နဲ့ ၃ လ အမိန့်ချမှတ်ထားပါတယ်။