Home
မြန်မာသတင်း
စစ်တပ်က ပစ်သတ်မှုကြောင့် ကျဆုံးပြည်သူ ၁၃၈၂ ဦးရှိလာ၊ ၈၃၀၄ ဦး ချုပ်နှောင်ခံထားရ
DVB
·
December 30, 2021

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လနီးပါးအကြာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၃၈၂ ယောက်ထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၃၀၄ ဦး လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၄၃၈ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၉ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးအနက် မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၈ ဦးရှိပြီဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ်တရားရုံးက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ကိုဝေယံဖြိုးမိုးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေတို့နဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ထောင်ဒဏ် ၂ နှစ်နဲ့ ၁ လချမှတ်ခဲ့ပြီး ချုပ်ရက်တွေကိုလည်း ခံစားခွင့်မပေးဘူးလို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စမ်းကန်ကျေးရွာအုပ်စု၊ လင်းကတိုးကျေးရွာမှာ နေထိုင်တဲ့ ဦးသိန်းရွှေ၊ ဇနီးဖြစ်သူ ဒေါ်ကျင်မေ၊ သားဖြစ်သူ ကိုဖြိုးပိုင်ကို တို့ကို စစ်သားတွေက ဒီဇင်ဘာ ၂၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က မေးမြန်းမှု တစ်စုံတစ်ရာမရှိဘဲ ပစ်ခတ် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ သူတို့မိသားစု နေအိမ်အတွင်းအိပ်နေစဉ် ပစ်ခတ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကိုဖြိုးပိုင်ကိုမှာ ပေါင်ကို ကျည်ထိမှန်ထားရတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလ အတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီ ကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024