Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းရောင်းချမှုရပ်ဆိုင်းရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
DVB
·
December 29, 2021

ကယားပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူလူထုအပေါ်တိုက်ခိုက်မှုတွေကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေရောင်းချမှု ရပ်ဆိုင်းဖို့ နိုင်ငံတကာအသိုက်အဝန်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က   တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ  အမျိုးသမီးနဲ့ ကလေးတွေအပါအဝင်  အနည်းဆုံးလူ ၃၅ ယောက်လောက်ကို စစ်ကောင်စီတပ်က  ဖမ်းဆီး ရိုက်နှက်မီးရှို့သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှုတ်ချတဲ့ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

လတ်တလော ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးလိုလိုမှာ စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အပေါ်  စိုးရိမ်တဲ့အကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ လူသားချင်းစာနာမှုအကူအညီပေးအပ်နေသူတွေကို  ပစ်မှတ်ထားတာကို လက်ခံနိုင်စရာ မရှိဘူးလို့လည်း ပြောပါတယ်။ 

“မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြမ်းကြုတ်ရက် စက်တဲ့ လုပ်ရပ်တွေဟာ စစ်တပ်တာဝန်ရှိသူတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ စစ်တပ်အနေနဲ့ ပြစ်ဒဏ်ခံရခြင်းမှ ကင်းလွတ်နေတဲ့ အစဉ်အလာကို အလျင်အမြန် အဆုံးသတ်ဖို့ လိုအပ်နေတာကို မီးမောင်းထိုးပြနေတယ်” လို့ ဝန်ကြီး ဘလင်ကင်က ပြောပါတယ်။ 

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်ဖက်/အရပ်ဖက်သုံး နည်းပညာတွေကို  မြန်မာစစ်တပ်သို့ရောင်းချမှု ရပ်ဆိုင်းတာလိုမျိုး  မြန်မာနိုင်ငံအတွင်း ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ရပ်တွေ  ထပ်မံမဖြစ်ပွားစေရေးတားဆီးမှုမျိုးကို  ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ဖို့လိုတယ်လို့ အမေရိကန်က တိုက်တွန်းပါတယ်။ 

အမေရိကန်အနေနဲ့ မဟာမိတ်တွေနဲ့အတူ  ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုပံ့ပိုးကူညီတာမျိုးလို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး  တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိစေရေး၊ လူသားချင်းစာနာမှုအကူအညီပေးအပ်နေသူတွေရဲ့ လုံခြုံရေး သေချာမှုရှိစေရေးနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်နေသူတွေကို လွတ်လပ်စွာ အတားအဆီးမရှိ အကူအညီပေးခွင့်ပြုရေး မြန်မာစစ်အာဏာရှင်ကို အမေရိကန်က တောင်းဆိုထားပါတယ်။

ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ မီးရှို့သတ်ဖြတ်ခံရသူတွေထဲမှာ Save the Children အဖွဲ့မှ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေ၊ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စစ်တပ်ရဲ့ ဒေါက်တိုင် စီးပွားရေးလုပ်ငန်းတွေ အပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ပြုလုပ်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024