မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်ဆွဲတိုက်ခိုက်ခံရတာကြောင့် တပ်သား ၃ ယောက် သေဆုံးပြီးတော့ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ YDF တပ်ဖွဲ့ဆီက သိရပါတယ်။
ဂန့်ဂေါမြို့မြောက်ဘက်က မိုင်တိုင်အမှတ် ၁၇ နဲ့ ၁၈ ကြားကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို YDF-ဂန့်ဂေါ တပ်ရင်း(၄)က တပ်ရင်းမှူး ဧကရာဇ်မုန်တိုင်း ဦးဆောင်တဲ့ တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ YDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က ပြန်လည် ပစ်ခတ်ပေမယ့် YDF-ဂန့်ဂေါ တပ်ရင်းက ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ယောဒေသအတွင်းက ပြည်သူတွေကို ဖမ်းဆီးပြီးတော့ ငွေပေးမှပြန်လွှတ်ပေးတဲ့ လူပြန်ပေးဂိုဏ်းဆန်ဆန် ပြုလုပ်နေပြီး ပြည်သူဆီကနေ ငွေညစ်နေတာတွေချက်ချင်းရပ်တန့်ဖို့နဲ့ မရပ်တန့်ပါက စစ်ကောင်စီတပ်၊ ရဲတွေနဲ့ မိသားစုဝင်တွေရဲ့ အသက်ကို အာမမခံနိုင်ဘူးလို့ သတိပေးထားပါတယ်။
ဂန့်ဂေါမြို့ We Love Gangaw ဓမ္မာရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာလ ၂၅ ရက်နေ့ကလည်း YDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ယောက်သေဆုံးပြီး တပ်သားတစ်ချို့ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီးတော့ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေပြုလုပ်တဲ့အပြင် နေအိမ်တွေ မီးရှို့ဖျက်ဆီးပြီး ပစ္စည်းတွေခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။