မြန်မာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၀၀ တွေ့ရှိပြီး ၃ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၀၀ နဲ့ ကူးစက်ခံရသူပေါင်း    ၅၂၉,၈၁၃ ဦးရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၇ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁,၂၀၇ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂၀၀ တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၁ ဒသမ ၈ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၂၂၅   ဦး ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၃ ဦးနဲ့ စုစုပေါင်းသေဆုံးသူ အရေအတွက်ကတော့ ၁၉,၂၅၇  ဦး ရှိနေပါတယ်။

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှ ကယ်ဆယ်ရေးလေယာဉ်နဲ့ ဒီဇင်ဘာလအတွင်း ပြန်လည် ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူတွေထဲက ဓာတ်ခွဲနမူနာ ၂၀ ခုအား စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက SARS-CoV-2 Variant Omicron Real Time PCR Testing နည်းနဲ့ ဓာတ်ခွဲစစ်ဆေးခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မတွေ့ရဘူးလို့ ထုတ်ပြန်ထားပါတယ်။ကမ္ဘာတဝန်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကူးစက်ခံရတာ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ နီပေါ၊ မော်လ်ဒိုက် အပါအဝင် နိုင်ငံပေါင်း ၁၁၇ နိုင်ငံ ရှိလာပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up