စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ် မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
သံဖိုကျေးရွာကို စစ်ကောင်စီတပ်တွေ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက စီးနင်းဝင်ရောက်နေပြီး ဆန်စက်တစ်လုံးအပါအဝင် လူနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
သံဖိုကျေးရွာအနီးက ရန်ကြီးအောင်ကျေးရာမှာ စစ်ကောင်စီတွေက တပ်စွဲစခန်းချပြီး သံဖိုကျေးရွာအတွင်းကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။
“သံဖိုရွာထဲမှာ စပါးစက်တွေရော အိမ် ၅ လုံးကိုရောပဲ မီးရှို့ထားတယ်။ ရွာထဲက လူတွေက ဒီချိန်မှာ မနေရဲဘူး ထွက်ပြေးနေရတာပေါ့။ မနက် အစောပိုင်းကတည်းက စဖြစ်နေတာ၊ ဟုတ်တယ် တိုက်ပွဲဖြစ်တာ။ ရန်ကြီးအောင်မှာ စခတွေက စခန်းချထားကြတယ်။ နေအိမ်တွေကို ဘယ်နှလုံးထပ်ရှို့မှာလဲတော့ မသိဘူး၊ တိုက်ပွဲကတော့ ခုချိန်ထိဖြစ်နေတုန်းပါ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး တိုက်ပွဲဖြစ်နေဆဲ အချိန်ဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ထိခိုက်မှုနဲ့ အသေအပျောက်စာရင်းကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာလည်း စစ်ကောင်စီတပ်တွေ ကျေးရွာအတွင်း စီးနင်းဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတာကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တစ်ညလုံး တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့သိရပါတယ်။
စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံပြည်သူတွေ ဒီဇင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ထဲ အသက်ကြီး အဘွားအိုတစ်ဦး ရေစီးတဲ့ ချောင်းထဲမှာ တစ်ညလုံးပုန်းခိုနေခဲ့ရတဲ့အတွက် ဒီဇင်ဘာ ၂၇ ရက်နေ့မနက် တစ်ကိုယ်လုံး ဖြူဖက်ဖြူရော်ဖြစ်နေတယ်လို့ သိရပါတယ်။
“စစ်ရှောင်ဦးရေက ဒီဘက်မှာတော့ တစ်ထောင်လောက်ရှိတယ်။ ကိုယ့်မိသားစုနဲ့ ကိုယ်ချက်ပြုတ်စားသောက်ကြတယ်၊ ထွက်ပြေးတုန်းက သယ်လာတဲ့ စားစရာတွေကို ချက်စားရတာပေါ့၊ မီးကိုလည်းသူတို့က လိုင်းဖြတ်ထားတာဆိုတော့ ရွာထဲလည်း မှောင်မဲနေတာပဲ။ ဖုန်းလိုင်းကလည်း မိတစ်ချက် မမိတစ်ချက်နဲ့ ဆိုတော့ ဆက်သွယ်အကူအညီတောင်းဖို့ကလည်း ခက်တယ်” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
နတ်ချောင်းကျေးရွာဟာ အိမ်ခြေ ၁၄၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့က စတင်ပြီး ကျေးရွာစာသင်ကျောင်းမှာ စစ်ကောင်စီတွေက တပ်စွဲနေရာယူပြီး ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။