အိန္ဒိယကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး အာနိသင်ထိန်းဆေး ထိုးပေးမည်

အိန္ဒိယအစိုးရဟာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ မရှိမဖြစ် ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတွေက ဝန်ထမ်းတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး ဆေးအာနိသင်ထိန်း ထိုးဆေးတွေကို ဇန်နဝါရီ ၁၀ ရက်က စပြီး ထိုးပေးတော့မယ်လို့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီက ဒီဇင်ဘာ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံဦးရေ တိုးလာနေတာပါ။ ဇန်နဝါရီ ၃ ရက်က စပြီး အသက် ၁၅ နှစ်ကနေ ၁၈ နှစ်ကြား လူငယ်တွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို စတင် ထိုးနှံရမယ်လို့ မိုဒီက ပြည်လုံးကျွတ် မိန့်ခွန်းထဲမှာ ပြောပါတယ်။

အသက် ၆၀ နဲ့ အထက် လူကြီးတွေကိုတော့ ဆရာဝန် ထောက်ခံချက်ရအပြီးမှာ ဆေးအာနိသင်ထိန်း ကာကွယ်ဆေးကို ထိုးပေးမယ်လို့ မိုဒီက ဆက်ပြောပါတယ်။

အိန္ဒိယနိုင်ငံက ပြည်နယ် ၁၇ ခုမှာ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံ စုစုပေါင်း ၄၁၅ ယောက် ရှိခဲ့ပြီး ကူးစက်ခံ ဦးရေ အမြန် တိုးလာတယ်လို့ အစိုးရက ကြေညာထားပါတယ်။

ကာကွယ်ဆေးထိုးဖို့ အသက်အပိုင်းအခြားမှာရှိသူ နိုင်ငံ့လူဦးရေ ၉၄၄ သန်းထဲက ၈၈ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးတလုံးပြီးသားဖြစ်ပြီး  လူဦးရေ ၆၁ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေး ၂ လုံးစလုံး ထိုးထားပြီးဖြစ်ပါတယ်။

အစိုးရက ကာကွယ်ဆေးတွေကို အရှိန်မြှင့် ထိုးနှံပေးနေပြီး သန်းချီတဲ့ လူတွေက ဒုတိယ ကာကွယ်ဆေးထိုးနှံဖို့ စောင့်နေတာပါ။

အိန္ဒိယနိုင်ငံဟာ ကျန်ခဲ့တဲ့ နွေရာသီက ကူးစက်မှု ဒုတိယလှိုင်းအတွင်း လူထောင်သောင်းချီ သေဆုံးခဲ့လို့ ကျန်းမာရေး ဝန်ထမ်းတွေ ဒုက္ခတွေ့ခဲ့ကြဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up