Home
မြန်မာသတင်း
နှစ်နိုင်ငံနယ်စပ်ဂိတ်တွင် တရုတ်ကုန်ကားများ မြန်မာနံပါတ်ပြားအတုဖြင့် ဝင်ထွက်နေ
DVB
·
December 26, 2021

မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့-ဝမ်တိန် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်မှာ တရုတ်ဘက် ပိတ်မိနေတဲ့ မြန်မာကုန်ကားတွေ ပြန်ထွက်ခွင့်မရသေးဘဲ တရုတ်ကုန်ကားတွေ မြန်မာနံပါတ်ပြား အတုနဲ့ ကုန်တွေတင်ပြီး မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ထွက်နေတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။

တရုတ်ဘက်က မြန်မာဘက် နံပါတ်အတုနဲ့ ဝင်တာ အရေအတွက် ပုံမှန်တော့ မရှိ‌ပေမယ့် အနည်းဆုံး တရက်ကို ၁၀ စီးလောက်တော့ ဝင်‌နေပြီး ဒီဇင်ဘာ ၂၅ ရက်မှာ နံပါတ်အတုနဲ့ ၄၁ စီးဝင်လာပြီး မြန်မာကား လိုင်စင်အစစ်နဲ့ ၂ စီးသာ ပါတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။ 

"သူတို့က မြန်မာပြည်ဘက် အပေါက်ဝမှာရှိတဲ့ မြန်မာ-တရုတ် အစပ်မှာရှိတဲ့ တာဝန်ရှိတဲ့သူ၊ တာဝန်ခံထားတဲ့သူတွေ ဘာမှ မပြောဘူးလေ။  သူတို့နဲ့ လက်ဝါးချင်းရိုက်ပြီး ဝင်တာလေ။ ကျနော်တို့ ဒီဘက်ကလူတွေက ဝိုင်းတိုင်တာပေါ့။ တရားမျှတမှု မရှိဘူးလို့ အဲဒီအထောက်အထား ယူပြီးတော့ ကညနတွေ၊ ယာဉ်ထိန်းတွေ၊ နယ်စပ် ကုန်သွယ်ရေး လူကြီးတွေကိုလည်း ပြောတယ်။"

တရုတ်ပြည်ထဲမှာ ပိတ်မိနေတဲ့ မြန်မာကားတွေ တရက်ကို ၁ စီးလောက်သာ ထွက်ခွင့်ရပြီး တရုတ်ကားတွေပဲ အဓိက ပေးထွက်နေတာလို့ ဆိုပါတယ်။
“တနေ့လုံးနေမှ ၁ စီးလောက် ထွက်ခွင့်ရတာ။ ကုမ္ပဏီကား မဟုတ်ရင် တရုတ်ငွေ ၂၀၀၀ အလကား ပေးပြီး ဝင်နေရတယ်။ အဲဒီ နယ်စပ်ကိုဝင်ဖို့ ခေါက်တိုကား မှောင်ခိုဈေး ယွမ်၂ သောင်း ကနေ ၄ သောင်းကြား မြန်မာငွေ သိန်း ၁၀၀ ဝန်းကျင် ပေးနေရတယ်။ အဲဒီ ကျင်စန်းကျော့ ကားချိန်းကွင်းကနေ ၁၀၅ မိုင်ထိ တရားဝင် သတ်မှတ်ထားတာတွေရော၊ တရားမဝင်ပေးရတာ တွေရော ၁၀ သိန်းကျော် ကျတယ်" လို့ ကုန်သည်က ပြောပါတယ်။ 

မြန်မာဘက်က တရုတ်ဘက် အဝင်ကိုလည်း တရုတ်ဘက်က လိုချင်တဲ့ ကုန်မျိုးတွေပဲ ဝင်ခွင့်ပြုကြောင်း၊ ခုနောက်ပိုင်း မြန်မာကားတွေကို တရုတ်ဘက် လုံးဝ ဝင်ခွင့်မပြုတော့ဘဲနဲ့ တရုတ် ခေါက်တိုကား၊ ရှန်တိန်ကားတွေပဲ သုံးရမယ်ဆိုပြီး ကန့်သတ်ထားတာလို့ သိရပါတယ်။

အဲဒီလို ကန့်သတ်မှုကြောင့် မြန်မာဘက်က အသီးတွေ ပုပ်ပျက် ဆုံးရှုးမှု များနေတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။ 

"ဖရဲ ကုန်သည်တွေ ဘာဖြစ်နေလဲ ဆိုတော့ ဖရဲကား ၄ စီးလာပြီးတော့ ဒီမှာ အကောင်းက ၁ စီးပဲ ပြန်ရတော့တာ။ အဲဒီလို ဖြစ်ကုန်တာ။" 

တရုတ်နိုင်ငံက မြန်မာကောင်စစ်ဝန်ရုံးအနေနဲ့ အဆင်ပြေအောင် နည်းလမ်းရှာ ညှိနှိုင်းပေးဖို့ လိုပြီး လက်ရှိ မူဆယ်ဘက်ရော တရုတ်ဘက်က ယူနန်မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဌာနကိုလည်း စာပို့ထားတယ်လို့ တရုတ်ကောင်စစ်ဝန်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"နှစ်ဖက် ညှိညှိနှိုင်းနှိုင်း လုပ်ရမှာ။ အဲလို ဆွေးနွေးရမှာလို့ ကျနော် ထင်တယ်။ ဟိုဘက်ရော ဒီဘက်ရော မြန်မာကားတွေကို မျှမျှတတပေးထွက်။ မြန်မာကား ပေးမထွက်ရင် တရုတ်ကား လက်မခံဘူး။ အဲဒီလို ပြတ်ပြတ်သားသား ညှိနှိုင်းမှပဲ ရမှာ။ ဝင်ထွက်လို့ရရင် ပြီးတာပဲလုပ်လို့ ဘယ်ရမလဲ။ ကိုယ့်နိုင်ငံသားတွေပဲ နစ်နာမှာပေါ့။" လို့ သူက ပြောပါတယ်။

အခုလို ကုန်သွယ်မှု မညီမမျှဖြစ်နေတာဟာ မြန်မာလုပ်ငန်းရှင်တွေပဲ နစ်နာတာ မဟုတ်ပါဘဲ မြန်မာပြည်သူတရပ်လုံး နစ်နာနေရာတာလို့ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေး ကျွမ်းကျင်သူ တဦးက သုံးသပ်ပါတယ်။

"ကျနော်တို့ မြန်မာဘက်ကလည်း ပြတ်ပြတ်သားသား မြန်မာကားထွက်လို့မရရင် တရုတ် ကားမထွက်နဲ့။ လက်မခံဘူး။ ပြတ်သားရမယ်။ ရှင်းရှင်းပြောရင် အောက်ခြေက စားသုံးသူတွေ အဓိက ထိတာပေါ့။ ကုန်ဈေးနှုန်းတွေက တအားကို မြင့်လာပြီ။" 

ကိုဗစ်-၁၉ အကြောင်းပြချက်နဲ့ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ - ဝမ်တိန်ကို ဇူလိုင် ၈ ရက်နေ့ကစ တရုတ်ဘက်က ပိတ်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်မှာ နှစ်နိုင်ငံကုန်သွယ်မှုကို ပြန်လည် ဖွင့်လှစ်ခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024