ဖားကန့်မြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဘတ်ဖိုးကားဆရာ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက “မနေ့ည ၈ နာရီ ဖားကန့်ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ၄ ကြိမ်ပစ်တယ်။ ညကတည်းကတော့ ပလခမှော် တောင်ပြိုဘက်ကျတယ်လို့ ကြားတယ်။ ဒီမနက်မှ ဘတ်ဖိုးမောင်းတဲ့သူ ၁ ယောက် လက်နက်ကြီး ထိပြီးဆုံးတာ သိရတယ်။ ၂ ယောက်ကတော့ ထိခိုက် ဒဏ်ရာရသွားတယ်။ ဘတ်ဖိုး ၂ စီးလည်း ပျက်စီးသွားတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ညနေ ၃ နာရီလောက်က ဖားကန့် ဆိပ်မူအုပ်စု ဂျမ်ဂါကျေးရွာ ဝှေခါဘက်ခြမ်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ခေတ္တတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းမှာလည်း ကချင်ပြည်နယ် မိုးညှင်းခရိုင် ဆားမှော် ကညှင်မြိုင်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။