Home
မြန်မာသတင်း
မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌအပါအဝင် ၄ ဦးအပေါ်စွဲထားသည့်အဂတိမှု ၄ မှု ယခုလကုန် အမိန့်ချမည်
DVB
·
December 24, 2021

မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးနဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတဲ့အမှု ၄ မှုကို ဒီဇင်ဘာ ၃၀ ရက် အမိန့်ချမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်က ပြောပါတယ်။

ဆောက်လုပ်ရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေး ဦးတင်နွယ်ဦး တစ်ယောက်တည်းကို ကုမ္ပဏီ ၃ ခုကနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဆောက်အဦ ဆောက်လုပ်ဖို့ဆိုပြီး ငွေကျပ်သိန်း ၆၀ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာပါ။

မကွေးတိုင်းဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ နှစ်ဦးကိုတော့ ပြည်ထောင်စုလွှတ်တော်ကို မတင်ပြဘဲ တိုင်းအစိုးရရဲ့ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သန်း ၂၄၀၀ ကျော်ကို လွှတ်တော်ကိုယ်စားလှယ်တွေကို ထုတ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်စေခဲ့တာကြောင့် တရားစွဲဆိုထားပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနဲ့ သယံဇတ၊ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်တို့ကို ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း လုပ်ကွက် ၁၅ ကွက်က မြေဧက ၅၆၉ ဧကကို သက်တမ်းမတိုးဘဲ ၂ နှစ်တိတိ လုပ်ကိုင်ခွင့်ပေးထားတာကြောင့် နိုင်ငံတော်အနေနဲ့ မြေငှားရမ်းခ သိန်း ၃၀၀၀ ကျော်ထိခိုက်နစ်နာခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တာရားစွဲဆိုခံထားရပါတယ်။

လွှတ်တော် ဥက္ကဋ္ဌ ဦးတာကိုတော့ တိုင်းဒေသကြီးလွှတ်တော်အဆောက်ဦ တည်ဆောက်ရာမှာ လွှတ်တော်ပုံစံကို အခမဲ့ဒီဇိုင်းဆွဲပေးတယ်လို့ စာချုပ်မှာ မဖော်ပြထားဘဲနဲ့ အဆောက်ဦတန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းဖြစ်တဲ့ ငွေကျပ် သိန်း ၈၄၀ ကျော်ကို ဗိုလ်ချုပ်အောင်ဆန်းပုံတူ စကျင်ကျောက်ရုပ်တု ပြုလုပ်ခဲ့တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ စစ်ကောင်စီဘက်က ဦးမိုးကျော်လွင်က တရားလိုပြုလုပ်ပြီးတော့ တရားစွဲထားတာလို့ ဆိုပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှု ၈ မှုဖွင့်ပြီးတရားစွဲဆိုထားတဲ့အနက် ရာဇသတ်ကြီး အမှုအမှတ် ၅၊၆၊၇၊၈ အမှု ၄ မှုကို ဒီဇင်ဘာ ၃၀ ရက်နေ့ အမိန့်ချမှတ်မယ်လို့ ပြောပါတယ်။

အဲဒီထဲမှာ လွှတ်တော်ဥက္ကဋ္ဌကို အဂတိမှုနှစ်မှုနဲ့ တရားစွဲဆိုခံထားရသလို ဒီဇင်ဘာ ၂၁ ရက်နေ့က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ကိုတော့ အဂတိမှု ၆ မှုနဲ့ တရားစွဲဆိုထားပြီး ဇွန်လ ၇ ရက်နေ့က ပုဒ်မ-၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ထားပါတယ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024