ဩစတြေးလျပို့မည့် လက်ဝှေ့အိတ်များထဲမှ ဒေါ်လာသန်း ၃၀ တန်ဖိုးရှိ မူးယစ်ဆေးများ ထိုင်းဖမ်းမိ

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က အကောက်ခွန်အရာရှိတွေဟာ ဩစတြေးလျ နိုင်ငံဆီကိုပို့မယ့် လက်ဝှေ့ အိတ်တွေထဲမှာ ဝှက်ထားတဲ့ မက်သာအဖက်တမင်း ဆေးပြား ၄၂၅ ပေါင်ကျော်ကို ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အရာရှိတွေက ဒီဇင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။

ဒီဆေးတွေဟာ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀ နီးပါး တန်ကြေးရှိတယ်လို့လည်း ဆိုပါတယ်။

တစ်ဆယ်ကီလိုစီ အလေးချိန်ရှိတဲ့ အိတ်တွေထဲမှာ ထုပ်ပိုးထားတဲ့ ဆေးတွေကို လက်ဝှေ့အိတ် ၁၅ အိတ်ထဲမှာ ဝှက်ထားခဲ့တာပါ။

ဩစတြေးလျနိုင်ငံထဲမှာ ထိုင်းနိုင်ငံလုပ် လက်ဝှေ့လေ့ကျင့်ရေးပစ္စည်းတွေက ဝယ်လိုအား မများတာမို့ အာဏာပိုင်တွေက သံသယရှိတဲ့အတွက် သင်္ဘောနဲ့ တင်ပို့မယ့် ပစ္စည်းတွေကို ထိုင်းအကောက်ခွန် အရာရှိတွေက စစ်ဆေးခဲ့တာလို့ အရာရှိတွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီဆေးတွေကို ဘယ်အချိန်မှာ ဖမ်းခဲ့တယ်ဆိုတာကိုတော့ သူတို့က မပြောပါဘူး။ 

ဩစတြေးလျမှာ တနှစ်ကို မက်သာအဖက်တမင်း စိတ်ကြွဆေး ၁၁ တန်လောက် သုံးပြီး စျေးကွက်  တရားမဝင် ဆေးဝါးတွေအတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ သုံးကြတယ်လို့ ဆိုပါတယ်။

ပူးပေါင်းဆောင်ရွက်မှုအတွက် ထိုင်းနိုင်ငံကို ကျေးဇူးတင်ပါတယ်လို့ ဩစတြေးလျ နယ်စပ်တပ်ဖွဲ့ ယာယီရဲမှူး ဂျိုဝယ် ကာရူသာက ပြောပါတယ်။

သင်္ဘောတင်ပို့တဲ့ ရင်းမြစ်က ထိုင်းလက်ဝှေ့အားကစားပစ္စည်းကုမ္ပဏီလို့ အရာရှိတွေက ပြောပါတယ်။ ထိုင်းနဲ့ ဩစတြေးလျ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးဖို့ ပူးတွဲဆောင်ရွက် နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up