မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မတ်ချကျေးရွာအုပ်စု၊ အင်တောကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၃ ရက် ဒီညနေ ၃ နာရီခွဲလောက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၁၀ ယောက် ထက်မနည်း သေဆုံးကာ အများအပြားဒဏ်ရာရတယ်လို့ သထုံမြို့ပြအထူး စစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အင်အား ၆၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ အမှတ် (၄၀၇) ခြေမြန်တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၁)၊ တပ်ရင်း (၂)၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ပြန်လည် တိုက်ခိုက်ခဲ့ပေမယ့် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမိုင်းဆွဲ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိပေမယ့် ဘယ်နှစ်ဦး သေဆုံး၊ဒဏ်ရာရလဲဆိုတဲ့ ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဘူးလို့ ကေအန်ယူ တပ်မဟာ (၁) တာဝန်ရှိသူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ကေအန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေထဲကို အခုနောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ ကျူးကျော်အင်အားတိုးချဲ့တာနဲ့ စစ်ရေးလှုပ်ရှားမှု ဆက်တိုက် လုပ်ဆောင်လာတဲ့အတွက် ကြောင့် မကြာခဏဆိုသလို နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေတာပါ။