မိုဘိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ကိုယ်စားလှယ် ဖိတ်ခေါ်
DVB
·
January 24, 2014
မြန်မာနိုင်ငံမှာ ပထမဦးဆုံး မိုဘိုင်းဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရတဲ့ အင်းဝဘဏ်ဟာ သူနဲ့ အကျိုးတူ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မယ့် နယ်ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်လိုက်ပါတယ်။
ဇန်န၀ါရီ ၂၄ ဒီနေ့ မနက် ချက်ထရီယံ ဟိုတယ်မှာ ကျင်းပတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်း မိတ်ဆက်ပွဲမှာ ခုလို ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်ဖြစ်လိုသူတွေဟာ အနည်းဆုံး ကျပ်ငွေ သိန်း ၂၀ ရင်းနှီး မြှုပ်နှံနိုင်တဲ့သူ ဖြစ်ဖို့လိုတဲ့အပြင် ပြည်သူလူထုအတွက် ငွေကြေးနဲ့ ပတ်သက်ပြီး ၀န်ဆောင်မှု ဆောင်ရွက်ပေး နိုင်သူ ဖြစ်ရမယ်လို့ ဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
အခု လုပ်ကိုင်မယ့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းမှာ သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အချင်းချင်း ငွေလွှဲပြောင်းနိုင်တာ၊ အသုံးပြုလိုသူတွေရဲ့ ငွေသားတွေကို မိုဘိုင်းဘဏ် အကောင့်ထဲ ထည့်ပေးတာ၊ မိုဘိုင်းဖုန်းပြောခကို အသုံးပြုသူတွေဆီ ထည့်ပေးတာ၊ ဒီ ၀န်ဆောင်မှု အသုံးပြုသူတွေအနေနဲ့ ကုန်တိုက်နဲ့ အရောင်းဆိုင်တွေမှာ မိုဘိုင်းဖုန်းကနေ တဆင့် အလွယ်တကူ ငွေပေးချေနိုင်တာတွေ လုပ်လို့ ရမယ်လို့ ကြေညာထားပါတယ်။