စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာအတွက် အရေးပေါ်သုံးနိုင်ဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က သူတို့ရဲ့ အသုံးစရိတ်ကို ချွေတာပြီး ကျပ် ၁၀ သိန်း မျှဝေလှူဒါန်း သွားမယ်လို့ ပြောပါတယ်။
ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ လိုအပ်ချက်တွေ အများကြီးရှိနေပေမဲ့ တပ်ဖွဲ့တွင်းအသုံးစရိတ်ကို ခြိုးခြံချွေတာပြီး အဲဒီဒေသမှာ အရေးပေါ်သုံးနိုင်ဖို့ ရန်ပုံငွေ ကျပ် ၁၀ သိန်းကို အဖွဲ့အစည်းတခုကတဆင့် လွှဲပြောင်းမျှဝေသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
“အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် ရဲဘော်ရဲဘက်တွေနဲ့ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်ကျဆုံးခဲ့ရတဲ့ ခံစားချက်ကို ကိုယ်တွေ ကြုံခံစားခဲ့ရတာကြောင့် ကိုယ်ချင်းစာနားလည်တယ်” လို့ ဒီပဲယင်း PDF က ဆိုပါတယ်။
ပြည်တွင်းပြည်ပ တော်လှန်ရေးရန်ပုံငွေ အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအနေနဲ့လည်း နှမ်းခါးဒေသအတွက် တတ်နိုင်သလောက်ပါဝင်ပံ့ပိုးပေးကြဖို့လည်း သူတို့က မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ ပြည်သူတွေဆီကို ဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်တာမျိုး အချက်အလက်တွေမေးတာမျိုးကို မလုပ်ဘူးလို့လည်း အသိပေး ထုတ်ပြန်ထားပါတယ်။
လိုအပ်တယ်ဆိုရင် စိတ်ချရတဲ့ မြေပြင်မဟာမိတ်အဖွဲ့တွေဆီကတဆင့် ဒါမှမဟုတ် အဖွဲ့ရဲ့ ဖေ့ဘွတ်ခ် မက်ဆင်ဂျာကတဆင့်ပဲ ဆက်သွယ်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၇ ရက်နေ့က နှမ်းခါးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ အစည်းအဝေးလုပ်နေတုန်း စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်လို့ ပြည်သူ့ကာကွယ်ရေးတပ်သားတချို့ ကျဆုံးခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်ကလည်း ရွာထဲမှာ စစ်ကောင်စီကစခန်းချ မီးရှို့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အနည်းဆုံး ပြည်သူ ၁၇ ယောက်လောက် သေဆုံးခဲ့ပါတယ်။