Home
မြန်မာသတင်း
နှမ်းခါးရွာတွင် စစ်တပ်၏အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးရွာသား ၂၀ ကျော်ရှိလာ
DVB
·
December 21, 2021

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊  နှမ်းခါးရွာမှာ နေအိမ် ၃ လုံး ထပ်မံမီးရှို့ခံထားရပြီး နောက်ထပ်တွေ့ရှိတဲ့ အလောင်းတွေ အားလုံးပေါင်းရင် စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့  ပြည်သူ အယောက် ၂၀ ကျော်ရှိပြီလို့ ယောဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်မှ ၁၉ ရက်တွင်း စစ်ကောင်စီက နှမ်းခါးရွာကို မီးရှို့တာ စုစုပေါင်း ၅ ကြိမ်ရှိခဲ့ပြီး နေအိမ် ၆၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဂန့်ဂေါဒေသခံတယောက်က ပြောပါတယ်။ 

"သူတို့က နှမ်းခါးကိုလိုချင်တာ ကျနော်တို့ နယ်မြေကျဉ်းသွားအောင် လုပ်ချင်တာဗျ။ သူတို့ အင်အားကောင်းဒေါက်တိုင်တွေဖြစ်တဲ့ ကလေးမြို့နယ်၊ တောင်ခရမ်း၊ မြောက်ခရမ်းဒေသတွေကို ပိုအားကောင်းအောင်ဆောင်ရွက်တာမျိုးဖြစ်တယ်။ လက်ရှိအချိန်မှာတော့ သူတို့ နှမ်းခါးကနေထွက်သွားပြီ။ အနီးအနားရွာတွေကိုဖြန့်ပြီး ဒုက္ခလိုက်ပေးနေတယ်။"

နှမ်းခါးရွာကို စစ်ကောင်စီက ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းမှာ ရဟတ်ယာဉ်နဲ့ အကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဝင်ရောက်ပစ်ခတ်ချိန်ဟာ ဒေသခံ PDF ခေါင်းဆောင်တွေအစည်းအဝေးပြုလုပ်ချိန်မှာ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာကိုလည်း စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက်မွန်းလွဲပိုင်းက ရဟတ်ယာဉ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားသယ်ပို့ရဟတ်ယာဉ် ၃ စီးနဲ့ အင်အား ၁၅၀ ကျော်လာချထားခဲ့တယ်လို့ ရေဦးဒေသခံတစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီပြန်ကြားရေးက  ဒီကိစ္စနဲ့ပတ်သက်ပြီး ရေမြက်ကျေးရွာမှာ KIA ၊ NLD နဲ့ PDF  တွေ အစည်းအဝေးလုပ်ဖို့ စုဝေးနေစဉ် ဝင်ရောက်ခိုက်ခိုက်ခဲ့ရာမှာ ၄ ဦးအသေမိပြီး လက်နက်တွေသိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့်  စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ဟာ လုပ်ကြံရေးသားထားတာသာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်သားတွေဟာ ရေမြက်ကျေးရွာက နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် ရွာသား ၃ ယောက်ထက်မနည်း ကျည်ဆန်ထိမှန်ဒဏ်ရာရ ထားတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ 

"မနေ့က နေ့လယ် ၁ နာရီလောက်ကနေစလိုက်တာ ညနေ ၄ နာရီကျော်အထိ သူတို့ဝင်မွှေပြီး နေအိမ် ၇ လုံးထက်မနည်းမီးရှို့ထားတယ်။ ဆိုင်ကယ်တွေမီးရှို့တယ်။ ပြည်သူ ၃ ယောက်ထက်မနည်း ကျည်ထိထားတယ်။ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးနဲ့ သယ်ပို့ ရဟတ်ယာဉ် ၃ စီး စုစုပေါင်း ၅ စီး ဖြစ်ပါတယ်။ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးက အပေါ်ကနေ ပတ်ပတ်လည်ပစ်နေပြီး သယ်ပို့ရဟတ်ယာဉ်တွေက အင်အားချတာ ၁၅၀ ထက်မနည်းဘူး။ အခေါက်ရေ ၄၊ ၅ခေါက် စစ်အင်အားလာချပေးသွားတယ်။ ရွာအနီးမှာ နဂိုရှိတဲ့အင်အားနဲ့ပေါင်းရင် စုစုပေါင်း အင်အား ၂၀၀ လောက်နဲ့ ဝင်ရောက်တိုက်ခိုက်သွားတာဖြစ်ပါတယ်။ လက်နက်မဲ့ ပြည်သူတွေကို ပစ်ခတ်တာ ဖြစ်ပါတယ်။ PDF တွေနဲ့ထိပ်တိုက် စစ်ဖြစ်တာမျိုးမဟုတ်တဲ့အတွက် စစ်ရာဇဝတ်မှုလို့ ပြောလို့ရပါတယ်။"

ဒီဇင်ဘာ ၂၁ ရက်မနက်ပိုင်းအထိ ရေမြက်ကျေးရွာထဲမှာ စစ်ကောင်စီက တပ်စွဲထားပြီး အနီးနားက ဥယျာဉ်ရွာနဲ့ ခေါစပ်ကုန်းရွာတွေထဲမှာလည်း အင်အားဖြန့်ချထားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းကလည်း  စစ်ကောင်စီနဲ့ပျူစောထီးတွေက မီးရှို့တာကြောင့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကဲဘာရွာမှာ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့အထဲက အိမ်ခြေ ၆၀ ကျော်မီးလောင်ပျက်စီးပြီး ရွာသား ၄၀၀၀ ကျော်  စစ်ဘေးရှောင်နေကြရပါတယ်။

စစ်ကောင်စီက တပ်သားအင်အား ၁၀၀ ကျော်အသုံးပြု အကြမ်းဖက်ခဲ့တာဖြစ်ပြီး လက်နက်မဲ့ ပြည်သူတွေအပေါ် အခုလောက်ထိအနိုင်မကျင့်သင့်ဘူးလို့ ကဲဘာရွာသူတစ်ယောက်က ပြောပါတယ်။ လက်ရှိအချိန်အထိ ရွာသားတွေဟာ ရွာထဲကိုပြန်မဝင်ရဲကြသေးဘဲ စားဝတ်နေရေး အခက်အခဲကြုံနေရပါတယ်။

ကဲဘာရွာသူတစ်ဦးက "ဒီလိုမျိုးအကြမ်းဖက်နှိပ်စက်တဲ့ စစ်ကောင်စီမြန်မြန်ပြုတ်ကျဖို့ပဲဆု တောင်းနေပါတယ်။ ကျမတို့ ရွာသူရွာသားတွေဟာ အိမ်တစ်လုံးဆောက်နိုင်ဖို့ အချိန်အကြာကြီး ကြိုးစားခဲ့ရတာပါ။”လို့ ပြောပါတယ်။

စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဒေသမှာ စစ်ရေးလှုပ်ရှားဖို့ မုံရွာမြို့နဲ့ ကလေးမြို့တို့ကနေ တပ်သားအင်အားတွေဖြန့်နေသလို ဒေသခံပြည်သူတွေကို ကြောက်ရွံ့အောင် နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့   ပစ်ခတ်သတ်ဖြတ်တာတွေကိုလည်း ဆက်တိုက်ပြုလုပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024