ပြည်သူလူထုအနေနဲ့ လက်နက်၊ခဲယမ်းနဲ့ မူးယစ်ဆေးတွေ လက်ဝယ်ရောက်ရှိ သိမ်းဆည်းထားရှိပါက ဒီလကုန်နောက်ဆုံးထားပြီး နီးစပ်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေထံ အပ်နှံကြဖို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်မှာ သတိပေးနှိုးဆော်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လက်နက်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ တချို့က ပြည်တွင်းကို ပို့နေတဲ့ လက်နက်တွေကို ဖမ်းဆီးရမိနေတယ်လို့ စစ်ကောင်စီ ထုတ်ပြန်စာမှာ ဖော်ပြပါတယ်။
ဖမ်းဆီးမိတဲ့သူတွေထဲမှာ တချို့က မသိနားမလည်ဘဲ အပ်နှံသိမ်းဆည်းခံစေရတာလို့ဆိုပြီး မသက်ဆိုင်သူတွေကို မလိုလားအပ်တဲ့ တရားဥပဒေရင်ဆိုင်ရတာတွေ မဖြစ်အောင် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ကိုယ့်ရဲ့ အိမ်၊ တိုက်ခန်းစတဲ့နေရာတွေမှာ ရှိနေတဲ့ လက်နက် ခဲယမ်းတွေကို အပ်နှံဖို့ တိုက်တွန်းတာလို့လည်း ဆိုပါတယ်။
ဒါကြောင့် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ မူးယစ်ဆေးတွေကို သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေ၊ နီးစပ်ရာ စစ်ကောင်စီတပ်တွေဆီကို လာရောက်အပ်နှံကြဖို့နဲ့ သတ်မှတ်ရက်ကျော်ပြီးနောက် စစ်ဆေးတွေ့ ရရင် အရေးယူမယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတဝန်းမှာ နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေကြပြီး စစ်ကောင်စီ ဘက်ကတော့ လေကြောင်းအပါအဝင် နည်းမျိုးစုံနဲ့ ပြန်လည် တိုက်ခိုက်နေတာပါ။