ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဓမ္မာရုံတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲဖို့ ပြင်ဆင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရပါတယ်။
အခုလာမယ့် ဒီဇင်ဘာလနောက်ဆုံးအပတ်မှာ ကျင်းပမယ့် တပ်မတော်ဆေးတက္ကသိုလ်(DSMA) ကျောင်းဆင်းပွဲကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် လုံခြုံရေး တင်းကျပ် စီစဉ်နေတာပါ။
မင်္ဂလာဒုံမြို့နယ်ရှိ နေရာဒေသအနှံ့အပြားမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့အပြင် မြို့နယ်တစ်ခုလုံးကိုလည်း စစ်ဆေးရေး တင်းကျပ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထောက်ကြန့်မြို့မှာလည်း ဆိုင်ကယ်စီးပြည်သူတွေကို စစ်ဆေးရေးတင်းကျပ်နေပြီး ယောက်ျားလေး ၂ ယောက်စီးပါက စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတဲ့အပြင် ဖမ်းဆီးဖို့ အသင့်ပြင်ထားတဲ့ ကားကြီးတွေလည်း ဘေးနားမှာ ရှိနေတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။