စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က အမှတ်-၂ ရဲစခန်း၊ မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်နဲ့ ဆည်မြောင်းရုံးမှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်တွေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက “ပစ်ခတ်သံကတော့ နေ့လယ်ပိုင်းလောက်က ကြားရတာ။ ဘယ်သူပစ်တယ် ဆိုတာတော့ အတိအကျ မပြောနိုင်ဘူးဗျ။ ဒီတစ်နေရာတည်း ပစ်ခတ်တာမဟုတ်ဘူး။ ဆည်မြောင်းရုံးတွေရော၊ အမှတ် ၂ ရဲစခန်းရော အပစ်ခံရတယ်တော့ ကြားရတယ်”လို့ ပြောပါတယ်။
အဲဒီနေရာ သုံးနေရာကို မြို့ပြပြောက်ကျားတပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အခုလို ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိနိုင်ပြီး အထိအခိုက် အကျအဆုံး အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။
အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အဓိကကျတဲ့နေရာမှာ စစ်ကောင်စီက တပ်စွဲပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ဂိတ်ဖွင့်စစ်ဆေးတာနဲ့ ဖမ်းဆီး ရိုက်နှက်တာတွေလည်း ရှိတယ်လို့ မျက်မြင်သူတွေက ပြောပါတယ်။
မုံရွာမြို့ပေါ် ဒေသခံပြည်သူတွေအနေနဲ့ ဒီနေ့ ဒီဇင်ဘာ ၁၈ ရက်မှာ နေ့လယ် ၁ နာရီကနေစတင်ပြီး ည ၇ နာရီအထိ ကျန်းမာရေးကိစ္စကလွဲပြီး အပြင်ထွက်သွားလာခြင်း မပြုဘဲ နေအိမ်တွင်မှာ နေပေးကြဖို့ Monywa Nightking အဖွဲ့က အသိပေး မေတ္တာရပ်ခံ ထုတ်ပြန်ထားပါတယ်။