အီတလီဝန်ကြီးချုပ်၏ ဘတ်ဂျက်အစီအစဉ် အလုပ်သမားများ ကန့်ကွက်ဆန္ဒပြ

အီတလီနိုင်ငံရဲ့ ကြီးမားတဲ့ ကုန်သွယ်‌ရေးသမဂ္ဂနှစ်ခုဖြစ်တဲ့ (CGIL နဲ့ UIL) တို့က အစိုးရရဲ့ စီးပွားရေးနဲ့ ဘတ်ဂျက်မူဝါဒတွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး လုပ်အားခနိမ့်လုပ်သားတွေကို ပိုအကူညီပေးဖို့ မနေ့က တောင်းဆိုပါတယ်။ 

အဲဒီသပိတ်က ဝန်ကြီးချုပ် ‘မာရီယို ဒရက်ဂီ’ ရဲ့ ညွန့်ပေါင်းအစိုးရကို တိုက်ရိုက်စိန်ခေါ်မှုဖြစ်ပေမဲ့ အီတလီရဲ့ ဒုတိယအကြီးဆုံးသမဂ္ဂက အခု အလုပ်သမားသပိတ်မှာ မပါဝင်ခဲ့တာက ဝန်ကြီးချုပ်ကို စိတ်သက်သာရ ရစေပါတယ်။

ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ အနီနဲ့အပြာ သမဂ္ဂအလံတွေ ဝှေ့ယမ်းချီတက်ခဲ့ပြီး စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်နေချိန်မှာ လုပ်အားခနည်းသူတွေ အခက်အခဲရင်ဆိုင်နေရတာတွေ ကို လျစ်လျူရှုနေတယ်လို့ အစိုးရကို စွပ်စွဲကြပါတယ်။

ဆန္ဒပြသူတဦးဖြစ်တဲ့ ဆီမွန်နက်တာ အက်စ်ကာလီ က “ ကျမတို့ ဒီကိုရောက်နေတာဟာ တိုင်းပြည် ပြဿနာတွေကို ဒီမိုကရေစီချည်းကပ်နည်းနဲ့ အမှန်တကယ်ဖြေရှင်းဖို့လိုအပ်တယ်လို့ ယုံကြည်လို့ပါ။ ကမ္ဘာ့ကပ်ဘေးကြောင့် ပြီးခဲ့တဲ့နှစ်နှစ် ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေရဲ့ အသံကို အစိုးရ ကြားစေချင်လို့ ပါဝင်လာရတာပါ” လို့ ပြောပါတယ်။

ဆန္ဒပြမှုကြောင့် ရောမမြို့တွင်း ပြေးဆွဲနေတဲ့ မက်ထရိုရထားခရီးစဉ်တွေ ရပ်နားခဲ့ရပါတယ်။

ဆန္ဒပြသူတဦးဖြစ်တဲ့ စတက်ဖန်နို ရာဘဲလီက “ ဝန်ကြီးချုပ်ရဲ့ ဘတ်ဂျက်အစီအစဉ်ကြောင့် အလုပ်သမားနဲ့ ပင်စင်စား ၈၅ ရာခိုင်နှုန်း ဒုက္ခ‌ရောက်ရတယ်။ ပင်စင်ဥပဒေ အပြောင်းအလဲလုပ်ဖို့ လိုနေပြီ။ အသက် ၆၇/ ၆၈ နှစ်ကျမှ အငြိမ်းစားယူခိုင်းတာ မတရားဘူး၊ ဥပဒေမပြောင်းရင် ကျနော်တို့ မျိုးဆက်အလှည့်ကျ အသက် ၇၁ နှစ်မှ ပယ်စင်ရမယ်”  လို့ ပြောပါတယ်။

ပင်စင်စား ဖရန်ကို ဖာရဲယာကလည်း “ကျနော်တို့  အခွန်အများကြီး ပေးနေရတယ်။ အများကြီး အဖြတ်ခံနေရတယ်။ ကျနော်တို့ ပင်စင်ငွေ ပိုလိုချင်တယ်” လို့ ပြောပါတယ်။

CGIL နဲ့ UIL သမဂ္ဂနှစ်ခုမှာ အဖွဲ့ဝင် ၇ သန်းကျော် ရှိပါတယ်။  ဝေဖန်သူတွေကတော့ အဲဒီအဖွဲ့ဝင်အများစုဟာ လက်ရှိလုပ်ငန်းထဲက အလုပ်သမားတွေမဟုတ်ဘဲ ပင်စင်စားသက်သက်တွေလို့ ထောက်ပြပါတယ်။ 

More News
Up