မြန်မာစစ်တပ်က ပြင်းထန်တဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာနေလို့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ဖို့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ကို နိုင်ငံတကာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC) က စာရေးတောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အလွန်ဆိုးရွားတဲ့ ဒီလုပ်ရပ်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ဖို့နဲ့ ကုလသမဂ္ဂကချက်ခြင်း ဝင်ရောက်ပြီး ဒီဆိုးဝါးလှတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်အောင်လုပ်ရမှာဖြစ်ကြောင်း ITUC အဖွဲ့ကြီးရဲ့အတွင်းရေးမှူး ရှာရန်ဘာရိုးက ပြောပါတယ်။
မြန်မာစစ်တပ်အာဏာပိုင်တွေဟာ မြို့နယ်ကျေးရွာတွေအနှံ့ သူတို့ကိုဆန့်ကျင်တယ်လို့ သံသယရှိသူတွေကို စနစ်တကျမူဝါဒချမှတ်ပြီး သတ်ဖြတ်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်နေကြောင်း ဒီဇင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုလည်းတရားဝင်အသိအမှတ်ပြုဖို့ တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လကျော်အကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၄၅ ထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းနောက် မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးအချိုးဖောက်ခံရဆုံး ၁၀ နိုင်ငံစာရင်းကို ဝင်ရောက်ခဲ့ တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ITUC က သတ်မှတ်ထားပါတယ်။