Live
Home
မြန်မာသတင်း
စစ်ကောင်စီကို ပံ့ပိုးနိုင်ဖွယ်ရှိသည့် နာမည်ကြီးကျောက်မျက်ကုမ္ပဏီများကို ပိတ်ပင်တားဆီးရန် တိုက်တွန်း
DVB
·
December 16, 2021

မြန်မာနိုင်ငံမှ ပတ္တမြားတွေကို ရောင်းချနေတဲ့ Graff၊ Van Cleef & Arpels ၊ Christie's နဲ့ Sotheby's အမည်ရှိတဲ့ တန်ဖိုးကြီးအမှတ်တံဆိပ်တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီအား ငွေကြေးပံ့ပိုးပေးနိုင်ဖွယ်ရှိတာကြောင့် ပိတ်ပင်တားဆီးဖို့  Global Witness Myanmar က နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ သက်တမ်းကုန်ဆုံးသွားတဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းလိုင်စင်တွေဟာ တရားမဝင်တော့ပေမဲ့ ဖေဖော်ဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေဟာ တဟုန်ထိုးမြင့်တက်လာတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ကိုယ်ပိုင်လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့အား တူးဖော်ခွင့်တွေ ပေးအပ်ခဲ့ပြီး ကျောက်မျက်တွင်းက ရရှိတဲ့ ဝင်ငွေတွေကို စစ်တပ်က အသုံးပြုကာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်များကို ကျူးလွန်နေတယ်လို့ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ကျောက်မျက်ကြွယ်ဝမှုတွေကို အသုံးပြုပြီး အမြတ်အစွန်းအမြောက်အမြားရရှိနေတဲ့ လုပ်ငန်းလိုင်စင်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ ပေးအပ်ပြီး လက်နက်ကိုင်ဆန့်ကျင်တဲ့ အဖွဲ့တွေကိုလည်း သိမ်းသွင်းခဲ့တယ်လို့ ထောက်ပြထားပါတယ်။

တိုင်းပြည်အတွင်း ကျောက်မျက်တူးဖော်ထုတ်လုပ်မှုရဲ့ ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းရှိတဲ့ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ အခုလက်ရှိ အာဏာသိမ်းစစ်တပ်ပိုင်လုပ်ငန်းဖြစ်တဲ့ MEHL နဲ့အတူ လက်အောက်ခံကုမ္ပဏီတွေကိုလည်း အရင်က လိုင်စင်ချပေးထားတဲ့ လုပ်ကွက်တွေကို ချထားပေးထားသလို လက်နဲ့တူးဖော်နေကြတဲ့ သောင်းချီ ဒေသခံတွေကိုလည်း လာဘ်ငွေ စနစ်တကျကောက်ခံပြီး တူးဖော်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။

Global Witness Myanmar ရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံရဲ့ ပတ္တမြားလုပ်ငန်းလိုင်စင်တွေ သက်တမ်းမကုန်မီ အပြည့်အဝထုတ်လုပ်ခဲ့တဲ့ ကာလအတွင်း တနှစ်ကို အမေရိကန်ဒေါ်လာ ၃၄၆ သန်းကနေ ၄၁၅ သန်းအထိ ဝင်ငွေရှိနိုင်တယ်လို့ တွက်ချက်ထားပါတယ်။

အဆိုပါပတ္တမြားတွေဟာ ဘန်ကောက်၊ ဟောင်ကောင်၊ နယူးယောက်နဲ့ လန်ဒန်တို့ရှိ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ကျောက်မျက်စျေးကွက်ထဲ ရောက်ရှိသွားတာကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကြီးမားဆုံးထုတ်လုပ်တင်သွင်းတဲ့ နိုင်ငံနှစ်ခုစာရင်းထဲမှာ ပါဝင်ပြီး ကမ္ဘာပေါ်ရှိ အဖိုးအတန်ဆုံး ကျောက်တွေရဲ့ အရင်းအမြစ်လည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကနေ ဝယ်ယူတင်သွင်းတဲ့ ပတ္တမြားတွေကို နိုင်ငံတကာကျောက်မျက်ရတနာကုမ္ပဏီတွေဖြစ်တဲ့ Graff၊ Van Cleef & Arpels နဲ့ Pragnell တို့နနဲ့အတူ တန်ဖိုးမြင့်လေလံကုမ္ပဏီတွေဖြစ်ကြတဲ့ Sotheby's၊ Christie's စျေးကွက် ကြီးနဲ့အပြိုင် လက်လီရောင်းချတဲ့ Walmart နဲ့ Intercolor တို့မှာလည်း ရောင်းချနေကြပါတယ်။

ဒီအခြေအနေတွေကို စုံစမ်းဖော်ထုတ်နိုင်ဖို့ Global Witness Myanmmar က နိုင်ငံတကာကျောက်မျက်ရတနာလုပ်ငန်းအပါအဝင် လေလံကုမ္ပဏီတွေနဲ့ စျေးကွက်အတွင်း လက်လီလုပ်ငန်းပေါင်း ၃၀ ကျော်အား ဆက်သွယ်ခဲ့ရာမှာ အများစုက ဝယ်ယူခဲ့တဲ့ အဖိုးတန်ကျောက်တွေရဲ့ အရင်းအမြစ်ကို စိစစ်နိုင်မှု အလုံအလောက် မထားကြဘူးလို့ ဖော်ပြထားပါတယ်။ 

ဒါကြောင့် လုပ်ငန်းပေါင်း ၃၀ ကျော်ထဲက ကုမ္ပဏီ ၃ ခုကသာ မြန်မာနိုင်ငံကနေ ကျောက်မျက် ဝယ်ယူတင်သွင်းတာကို ရပ်တန့်ခဲ့ကြောင်း ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

သန်းပေါင်းများစွာသော ရဲရင့်တဲ့ မြန်မာပြည်သူတွေဟာ အသက်တွေကိုရင်းပြီး အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်နေကြသလို အနောက်နိုင်ငံတွေကလည်း အာဏာရှင်စစ်ကောင်စီရဲ့ အဓိကဝင်ငွေအရင်းအမြစ်တွေကို ဖြတ်တောက်ဖို့ စီးပွားရေးပိတ်ဆို့ တပြိုင်နက်လုပ်ဆောင်နေပေမယ့် တိုင်းပြည်ရဲ့ သဘာဝ သံယဇာတကြွယ်ဝမှုတွေက စစ်ဗိုလ်ချုပ်တွေကို စီးပွားရေးအရ အသက်ဆက်ဖို့ အထောက်အကူပြုနေတယ်လို့ Global Witness Myanmar က သတိပေးထောက်ပြထားပါတယ်။

ဒါကြောင့် မြန်မာ့ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ငန်းတွေ တင်သွင်းခွင့် ပိတ်ပင်ထားမြစ်ဖို့ နိုင်ငံပေါင်းစုံနဲ့အတူ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကြံပြုထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024