Live
Home
မြန်မာသတင်း
ရေစကြို PDF အဖွဲ့ သေနတ်အချို့ အောင်မြင်စွာထုတ်လုပ်
DVB
·
December 16, 2021

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Shwe Chan Fighter PDF အဖွဲ့က ၅.၅၆ ကျည် Short Gun နဲ့ ကျည်တစ်တောင့်ထိုး လက်နက်တွေကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီလို့ သိရပါတယ်။

ဒီလက်နက်တွေကို တီထွင်ခဲ့တာဟာ အချိန်အနည်းငယ်ယူခဲ့ရပြီး စမ်းသပ်အောင်မြင်ခဲ့တာလို့ Shwe Chan Fighter PDF အဖွဲ့က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အတည်ပြုပြောပါတယ်။

မြို့ခံတစ်ဦးက “အခုလို တီထွင်နိုင်တာကိုက  လေးစားဂုဏ်ယူရမှာပါ။ တော်လှန်ရေးမှာ ကျဆုံးတဲ့ ကလေးတွေလည်းရှိနေတော့ စိတ်မကောင်းဘူးပေါ့။ ဒါကလည်းဘာကြောင့်လဲ ကြည့်ရင် ကလေးတွေ ညံ့လို့မဟုတ်ဘူး လက်နက်နဲ့အင်အားမမျှလို့ပါ။ နိုင်ငံတော်ဘက်ဂျက်နဲ့ အစဉ်အဆက် ဝယ်ပြီး စုဆောင်းထားတဲ့ စစ်တပ်က လက်နက်တွေနဲ့ ကိုယ့်နိုင်ငံတွင်းက တက်သစ်စ ကလေးတွေကို ပစ်သတ်နေပြီးတော့ PDF တော်လှန်ရေးကလေးတွေအနေနဲ့ကျတော့ ကိုယ်တိုင်တီထွင်ပြီးရတဲ့ သေနတ်နဲ့ အင်အားအပြည့်နဲ့ပေါ့လေ တိုက်ပွဲဝင်နေကြတာ အခုလိုတီထွင်နိုင်တာက ဂုဏ်ယူစရာကောင်းပါတယ်။ ဦးလေးတို့က လေးလည်းလေးစားပါတယ်။ ဆုတောင်းပေးချင်တာလေးကတော့ ကလေးတွေအန္တရာယ်ကင်းလို့  အောင်ပွဲအသီးသီး ဆွတ်ခူးနိုင်ကြပါစေကွယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်ဒေသကြီး ကနီမြို့နယ်မှာ လက်နက်ကိုင်စစ်ကောင်စီ အုပ်စုလာရာလမ်းကြောင်းကို မိုင်းထောင်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ KLG PDF (Kani) က သတင်းထုတ်ပြန်ထားပါတယ်။

လမ်းတစ်နေရာမှာ လက်လုပ်မိုင်းထောင်ရင်း မတော်တဆ ဖြစ်ရာက ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ကျဆုံးခဲ့တာဖြစ်ပြီး အထူးကြေကွဲဝမ်းနည်းကြောင်း KLG PDF (Kani) က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

“လက်လုပ်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရတာဆိုတော့ အခုလို မတော်တဆမှုတွေက ရှိနေတာပါ၊ လက်နက်အင်အားမပြည့်စုံတဲ့ အတွက်ကြောင့်ပါပဲ။ လက်လုပ်မိုင်းတွေကို မသုံးခင်ကတည်းက စမ်းသပ်မှုတွေတော့ လုပ်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အခုလို ဖြစ်စဉ်တွေဖြစ်တော့ ကျဆုံးမှုတွေ ရှိနေပါတယ်။ ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ တစ်တပ်တအားပါဝင်တဲ့အနေနဲ့ ပိုမိုလှူဒါန်းပေးဖို့လိုပါတယ်။ အလှူငွေတွေရမှသာ ကျနော်တို့ အနေနဲ့ တော်လှန်ရေးလုပ်ငန်းစဉ်ကြီးမှာ လက်နက်တွေ ဖန်တီးပြီး လက်နက်အင်အားပြည့်စုံမှ အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်နိုင်မှာပါ” လို့ တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024