Home
လွှတ်တော်/ဥပဒေရေးရာ
မသန်စွမ်းသူများအတွက် ရွေးကောက်ပွဲဥပဒေနှင့် မဲပေးရေး လုပ်ငန်းစဉ်များ ဆွေးနွေးမည်
DVB
·
January 22, 2014
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (မီလီ)နဲ့ အပြည်ပြည်ဆိုင်ရာ ရွေးကောက်ပွဲ စနစ်များဆိုင်ရာ ဖောင်ဒေးရှင်း (အိုင်အက်ဖ်အီးအက်စ်)တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ ရွေးကောက်ပွဲဥပဒေနဲ့ မဲပေးရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်လာရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲတရပ်ကို ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ တွေ့ဆုံ ဆွေးနွေးပွဲကို ကမာရွက်မြို့နယ် သံလွင်လမ်းရှိ အိုင်အက်ဖ်အီးအက်စ်ရုံးမှာ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ ကျင်းပပြုလုပ်မှာပါ။ [caption id="attachment_50610" align="alignleft" width="300"] မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်[/caption]မသန်စွမ်းသူများအတွက် ရွေးကောက်ပွဲဥပဒေနဲ့ မဲပေးရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ ပြုလုပ်မယ့် ရည်ရွယ်ချက်ကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်က “အကိုတို့က မသန်စွမ်းတဲ့အရေးဆိုတာ တနည်းအားဖြင့် လူတယောက်ရဲ့ လူသားတယောက်ရဲ့အခွင့်အရေးကိစ္စ လူ့အခွင့်အရေး ကိစ္စနော်။ မသန်စွမ်းသူ အရေးဆိုတော့ တနည်းအားဖြင့် လူ့အခွင့်အရေးကိစ္စနဲ့ အလားသဏ္ဍာန် တူတယ်။ ဒါကြောင့် လူမှုဘဝနယ်ပယ်တွေမှာ အပြည့်အဝ ပါဝင်နိုင်ဖို့အတွက်ကို ကြိုးစားတဲ့ အခါမှာ ဒီ ရွေးချယ်တင်မြှောက်ပွဲဆိုတာ မသန်စွမ်းတဲ့သူတွေ အဲဒီ ရွေးချယ်တင်မြှောက်ပွဲတွေမှာ အပြည့်အဝ ပါဝင်နိုင်ဖို့ လိုအပ်တယ်။ အဲဒါကြောင့် လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြည့်အဝ ပါဝင်နိုင်ရေးအတွက်ကို အခုကတည်းက စပြီးတော့မှ လိုအပ်တဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်တဲ့ အခါမှာ မသန်စွမ်းတဲ့သူတွေကလဲ အရေးပါတဲ့ မဲဆန္ဒရှင်တွေ ဖြစ်တဲ့အကြောင်း ကိုယ့်ကိုယ်တိုင် သိဖို့ လိုသလိုပဲ မသန်စွမ်းတဲ့သူတွေ မဲပေးဖို့ အမှန်တကယ်ပဲ အပြည့်အဝ မဲပေးနိုင်တဲ့ အခြေအနေတွေ ဖြစ်ဖို့အတွက်ကို အခုကစပြီး ဆွေးနွေး ကြိုးစားနေကြတာ။”လို့ သူက ဆိုပါတယ်။ ဒီအစည်းအဝေးမှာ တက်ရောက်မယ့် အကြားအာရုံ မသန်စွမ်းသူများအတွက် လက်ဟန်ဘာသာပြန် စီစဉ်ထားမှာဖြစ်ကြောင်း အကြားအာရုံ မသန်စွမ်းသူ ဦးနိုင်လင်းက “ဒီလိုမျိုး ဘာသာပြန်တွေ ထားရှိပေးတာ အလွန် ကောင်းမွန်တဲ့စီစဉ်မှုပဲ ဖြစ်ပါတယ်။ နားမကြားသူတွေဟာ သူတို့ရဲ့ မိခင် ဘာသာစကားဖြစ်တဲ့ လက်သင်္ကေတဘာသာကိုသာ အသုံးပြုကြတာမို့ ဒီလို မသန်စွမ်းတွေ အကျုံးဝင်တဲ့အစည်းအဝေးမှာ ဘာသာပြန်တွေကနေတဆင့် အကျိုးကျေးဇူးများစွာ ရနိုင်ပါလိမ့်မယ်။ ၀င်ရောက် ဆွေးနွေး ဖလှယ်ခွင့်နဲ့ ပြောဆိုပိုင်ခွင့်တွေလည်း ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။”လို့ သူက ပြောပါတယ်။ မသန်စွမ်းသူ အချင်းချင်းဆွေးနွေးပြီးနောက် ရလာတဲ့ သဘောထားမှတ်ချက်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီသို့ ပေးပို့ ဆွေးနွေးသွားမယ်လို့ ဦးအောင်ကိုမြင့်က ဆက်ပြောပါတယ်။ “အခု လောလောဆယ် အရင်ဆုံး စပြီးတော့ ဒီ အကိုတို့ မသန်စွမ်းသူအချင်းချင်းထဲမှာ ဆွေးနွေးမယ်။ ဆွေးနွေးပြီးလို့ ရှိရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တို့က သဘောထား မှတ်ချက်တွေ ပေးမယ်။ အဲဒါတွေ ပြီးလို့ရှိရင် တို့ဖက်က လိုအပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အချိန်မှာ မဲရုံတွေမှာ မသန်စွမ်းတဲ့သူတွေ လွယ်လင့်တကူ သွားလာ မဲပေးနိုင်တဲ့နေရာတွေ ဖြစ်ဖို့အတွက်ကို ကိုယ်တို့က လှုံ့ဆော်မှုတွေ လုပ်တာတွေ ရှိမယ်။ နောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးတင်ပြတဲ့ကိစ္စတွေ ရှိမယ်။” မြန်မာနိုင်ငံရဲ့ ဖွံဖြိုးမှုဒေသအလိုက် လူ ၁၀၀ မှာ ၇ ယောက်ကနေ ၈ ယောက် အထိ မသန်စွမ်းသူတွေ ဖြစ်နေပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ လူဦးရေရဲ့ ၂ ဒဿမ ၃၂ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024