Home
မြန်မာသတင်း
ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
December 11, 2021

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေကို  ဒီဇင်ဘာ ၁‌၁ ရက် ဒီနေ့ တရက်တည်း နေရာ ၃ နေရာလောက်မှာ  ဒေသခံကာကွယ်ရေးတပ်တွေက  ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေက ချင်းတွင်းမြစ်ကြောင်းကနေရော  ယာကြီး-ကလေး‌ကုန်းလမ်းကပါ စစ်ကြောင်းနှစ်ကြောင်းခွဲပြီးအလာ  ခုလို  တိုက်ခိုက်ခံရတာလို့  ကနီဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။

ချင်းတွင်းမြစ်တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကနီ ပကဖအဖွဲ့ဝင်တစ်ဦးက “နေ့လယ် ၁၂ နာရီလောက်က  ချင်းတွင်းအရှေ့ဘက် အိုင်သားကျေးရွာကနေ ချင်းတွင်းအနောက်ဘက်ကမ်း ချမ်းသာစုကျေးရွာဘက်ကို သူတို့စက်လှေနဲ့ကူးလာပြီး ဒီကောင်တွေ ကုန်းကြောင်းလိုက် တောနင်းတာတွေလုပ်တယ်။ ‌ချမ်းသာစုဘုရားကုန်းအနီးမှာ ကျနော်တို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲလို့ ၄၀ ကျော်လောက် သူတို့ဘက်က ကျဆုံးတယ်။ သူတို့ဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ဘက်ကတော့ အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်း ကျောက်စိမ်းတင်လာတဲ့ မော်တော်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ ချမ်းသာစုကျေးရွာအနီးမှာ ကျောက်ချပြီး စခန်းချရပ်နားထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ယာကြီး-ကလေးကုန်လမ်းကနေ တပ်ဖြန့်လာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက  ကနီမြို့နယ် လာပို့ကျေးရွာအနီး ၆၂ မိုင် ၃ ဖာလုံအနီးမှာ ညနေ ၃ နာရီလောက်က  မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ဒေသခံ B21 တပ်ရင်းမှူးက  “ဒီကောင်တွေ လာပို့တပ်ကို ရိက္ခာလာပို့တဲ့အဖွဲ့ဗျ။ ဒီကောင်တွေ အရင်က ကလေးကနေ လာပို့တာရှိသလို မင်းကင်းကနေ လာပို့တာတွေလုပ်တယ်ဗျ။ အခုဟာက ကလေးမြို့တပ်ကနေ နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ ရိက္ခာလာပို့တဲ့တပ်ဗျ။ အဓိကတော့ နယ်မြေစိုးမိုးမှုရအောင်လို့ အခုလို ဒီကောင်တွေ ကျနော်တို့ဘက်ကိုသွေးတိုးစမ်းတာဗျ။ ကျနော်တို့လည်း  ဆွဲမိုင်း ၄ လုံးနဲ့ ချ လိုက်တာ ၁၄ ယောက်လောက်တော့ကျမယ်။ စစ်သား ၅ ဦးကတော့ လေပေါ်မြောက်တက်သွားတာကို မြင်လိုက်ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကျဆုံးသူတွေကို နေ့လယ် ၂  နာရီလောက်မှာ  မုံရွာ နမခကနေ ရဟတ်ယာဉ်နဲ့  ကနီမြို့နယ် ချမ်းသာစုဒေသသို့ လာရောက်ဆင်းသက်ပြီး သယ်ဆောင်သွားတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024