Home
မြန်မာသတင်း
နယ်မြေမလုံခြုံသဖြင့် ဆားလင်းကြီးမြို့နယ်ရှိ ထန်းမြစ်တောင်သူများ အရှုံးပေါ်
DVB
·
December 11, 2021

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ထန်းမြစ်တောင်သူတွေဟာ  နယ်မြေလုံခြုံမှု  မရှိတာကြောင့်  အခုနှစ်မှာ တခြားဒေသကိုတင်ပို့ရောင်းချဖို့ အဆင်မပြေဘဲ  အရှုံးပေါ်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။ 

ထန်းပင်မြစ်ကို ဆားလင်းကြီးမြို့နယ်  လက်ပံတောင်းတောင်ဒေသ၊ ဝက်မှေးကျေးရွာမှာ အဓိက စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

ဒေသခံထန်းပင်မြစ်စိုက်ပျိုးသူတယောက်က “အရင်‌နှစ်တွေက မိုးခေါင်တော့ အမြစ်အထွက် နည်းတာပဲရှိတယ်။ ချင်းတွင်းမြစ်အထက်ပိုင်းတွေ၊ မန္တလေး၊ ရန်ကုန်ဆီကို ပို့လို့ရတယ်။ ဒီနှစ်ကျတော့ ဘယ်ဆီမှ ပို့လို့မရတဲ့အခြေအနေပဲ။ မုံရွာမြို့ပေါ်လောက်ပဲ ရောင်းရတယ်”လို့  ပြောပါတယ်။

ရုက္ခစိုးထန်းပင်မြစ်ကို ဝါခေါင်လပိုင်းက စတင်ပျိုးထောင်ရပြီး နတ်တော်လမှာ တူးဖော်ရောင်းချရတာဖြစ်ပါတယ်။ အရင်နှစ်တွေက ရုက္ခစိုး ထန်းပင်မြစ် တကျင်းကို ကျပ် ၈သောင်းကျော်၊ ၉ သောင်းနီးပါးနဲ့ လက်ကားရောင်ချရတာရှိသလို လက်လီဈေးအနေနဲ့ကတော့ တစ်စည်းကို ကျပ် ၂၅၀၀နဲ့ ရောင်းချခဲရတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေနဲ့  တိုက်ပွဲပြင်းထန် ဖြစ်ပွားနေတာကြောင့် နယ်မြေ လုံခြုံမှုမရှိတော့ဘဲ အရောင်းအဝယ်လုပ်ငန်းတွေလည်း ထိခိုက်နေတာဖြစ်ပါတယ်။ 

မုံရွာမြို့ပေါ်  ထန်းပင်မြစ်ပွဲစားတစ်ဦးက  “အရင်နှစ်တွေက ရောင်းလို့ ၊ ဝယ်လို့ ကောင်းတယ်။ ဒီနှစ်ကတော့ စစ်ရေးအခြေအနေအရ ဘယ်မှ ပို့လို့ မရသလို  အရောင်းအဝယ်ကလည်း အေးနေတယ်။ စစ်အာဏာသိမ်းပြီးကတည်းက လူတွေ စီးပွားရေး အဆင်မပြေကြဘူး။ အဲဒီလို စီးပွားရေး အဆင်မပြေတော့ သရေစာဖြစ်တဲ့အရာ ဘယ်သူမှ ဝယ်မစားကြတော့ဘူး။ အရင်နှစ်တွေကတော့ လက်လီရော ၊ လက်ကားရော ရောင်း ရတယ်။ ပြည်သူတွေလည်း ငတ်နေကြပြီ”လို့ ပြောပါတယ်။

ထန်းပင်မြစ်ကို မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း စိုက်ပျိုးကြသလို ဒေသတွင်း ထန်းပင်တွေ နှစ်စဉ်ခုတ်လှဲနေတာကြောင့် ထန်းပင်မြစ်ပျိုးထောင်ဖို့ရာ တဖြည်းဖြည်း ရှားပါးလာပြီလို့  ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024