မကွေးတိုင်း၊ ရေစကြိုမြို့နယ် ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာလုံးကျွတ်ထွက်ပြေးနေရပြီး လူငယ်တယောက်ကိုလည်း စနိုက်ဘာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာ ရွှေလှံကျေးရွာအတွင်း စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“မြောက်ရွာတွေမှာ လက်နက်ကြီးနဲ့ထုသံတွေ အစပိုင်းကကြားရတယ်။ သေနတ်ပစ်ဖောက်တာတွေရော မာလကာခြံဘက်တို့ ဆင်ခြေရာဘက်တို့ပေါ့၊ နောက်ပြီးတော့ ရွာထဲကိုလာကျတယ်။ ဒီဘက်ကို လှမ်းထုတာ ကျတာကတော့ ၄ ချက် လှမ်းပစ်တယ်။ ရွာထဲကျတော့ ရွာထဲက လူတွေလည်း အကုန်ထွက်ပြေးကြရတယ်။ မနက်က ငြိမ်သွားပြီထင်လို့ ရွာကိုပြန်လာပြီး လုပ်စရာရှိတာလုပ်နေကြတာ၊ ရွာမှာ အကုန်ကျန်ခဲ့တာ လုပ်လက်စလေးတွေရော အခင်းအတွက်လုပ်နေတာ နွားကျွေးဖို့လုပ်နေတာတွေ အကုန်ပစ်ပြီးပြေးကြရတာပဲ။ အခုမနက်ထိ မပြန်ရဲနိုင်သေးဘူး။”
ဒါ့အပြင် ဒီဇင်ဘာ ၁၀ ရက် မနက် ၁၀ နာရီလောက်က ရေစကြိုမြို့ ဆင်ခြေယာကျေးရွာနဲ့ ရွှေလှံကျေးရွာကြားက ဇရပ်တစ်ခုမှာ စစ်ကောင်စီတပ်က စနိုက်ဘာသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူလူငယ်မှာ မြောင်မြို့နယ် သူဌေးကုန်း (ခ) သုခဒီပ ကျေးရွာမှာ နေထိုင်တဲ့ မောင်ဖြိုးမင်း ဖြစ်ပြီး ဇရပ်အတွင်းနားခိုနေချိန်မှာ ပစ်ခတ်သတ်ဖြတ်သွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ကောင်လေးက ဇရပ်မှာ၊ Silent Strike အချိန် ၁၀ နာရီက စတာဆိုတော့ သူလည်း ဇရပ်မှာ နားနေလိုက်ပုံတူတယ်။ အဲ့လိုနေလို့ စနိုက်ဘာနဲ့ပစ်သတ်သွားတာ။ ကောင်လေးက ရွာခံတော့မဟုတ်ဘူး၊ မြောင်ဘက်က ဒေါ်နွယ်ဦးရဲ့သားလို့ ပြောတယ်၊ နေရာမှာတင်သေသွားတာ။”
ရေစကြိုမြို့ မြို့ပေါ်ရပ်ကွက်တွေမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ညက ရွာသားတွေ သံပုံးတီးဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အနှံ့ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။