ကမ္ဘာပေါ်တွင် သတင်းထောက်များကို ထောင်ချသည့် ဒုတိယအဆိုးဆုံးနိုင်ငံ မြန်မာဖြစ်လာ

မြန်မာနိုင်ငံမှာ ဒီနှစ် ဒီဇင်ဘာလ ၁ ရက်အထိ သတင်းပေးပို့မှုကြောင့် ထောင်သွင်း အကျဉ်းချခံခဲ့ရတဲ့ သတင်းထောက်  အနည်းဆုံး ၂၆ ဦး ထက်မနည်း ရှိနေပြီး မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပြီးရင် သတင်းထောက်တွေကို ထောင်ချတဲ့ ဒုတိယအဆိုးဆုံးနိုင်ငံ ဖြစ်လာတယ်လို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ရဲ့ အဆင့်သတ်မှတ်ချက်မှာ ဖော်ပြထားပါတယ်။

အဖမ်းခံထားရသူ အတော်များများဟာ လှုံ့ဆော်မှုနဲ့ သတင်းမှားဖြန့်ဝေမှုတို့နဲ့ စွပ်စွဲခံရပြီး အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အရ စွဲချက်တင်ခံနေရတာပါ။

စစ်အုပ်စုဟာ ဒီမိုကရေစီလိုလားတဲ့ အာဏာသိမ်း ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို သတင်းယူနေတဲ့ သတင်းထောက် အများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး သူတို့ကို လနဲ့ချီ ဖမ်းဆီးထိန်းသိမ်းထားပြီးမှ အကျဉ်းသားအများစုကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အချိန်မှ ပြန်လွှတ်ပေးဖို့ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့ သတင်းထောက် အရေအတွက်ဟာ CPJ ရဲ့ စာရင်းတွေထက် အများကြီး ပိုများနိုင်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ အလွတ်သတင်းထောက်တွေ၊ ကော်လံစား/အပုဒ်စား သတင်းသမားတွေနဲ့ သတင်း၊ဓာတ်ပုံနဲ့ ဗီဒီယိုအတွက် အားကိုးနေရတဲ့ ဝန်ထမ်းမဟုတ်တဲ့ သတင်းထောက်တွေကို သူတို့ရဲ့သတင်းတွေနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိသွားရင် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်တွေ ခံရမှာကို စိုးရိမ်တာကြောင့် သတင်းအဖွဲ့ အစည်းတွေဟာ ဖော်ထုတ်ပြောဆိုပေးဖို့ တွန့်ဆုတ်နေရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPPB)က ပြုစုထားတဲ့ အချက်အလက်တွေအရ သတင်းထောက်ဟောင်း အများအပြားကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ 

CPJ အနေနဲ့သတင်းထောက်ဟောင်း အများအပြား ဖမ်းဆီးခံရခြင်းဆိုင်ရာ အခြေအနေတွေကို အတည်မပြုနိုင်တာကြောင့်  ပြုစုထားတဲ့စာရင်းထဲမှာ မပါဝင်သေးပါဘူး။ 

မြန်မာစစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း အစိုးရလုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့  CPJ ရဲ့အီးမေးလ် ပေးပို့မေးမြန်းထားချက်တွေကို မှတ်ချက်ပေးဖို့ မတုံ့ပြန်သေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက်တုန်းကတော့ လွတ်လပ်တဲ့ မီဒီယာတွေကို အနည်းဆုံး ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ခွင့်ပေးခဲ့ပါသေးတယ်။ အခုကျတော့ စစ်အုပ်စုကနေ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာဟာ လွတ်လပ်တဲ့ သတင်းပေးပို့မှုကို တားမြစ်ဖို့ ကျယ်ကျယ်ပြန်ပြန့်နဲ့ ရှေ့ဆုံးကနေလုပ်ဆောင်နေတာ ဖြစ်ပြီး အရင်စစ်အာဏာရှင်တွေလက်ထက်မှာ မြင်တွေ့ခဲ့ရသလို တင်းကျပ်တဲ့ မီဒီယာဆင်ဆာကို ပြန်လုပ်ဖို့  ယုံကြည်ကြောင်း အယ်ဒီတာတွေနဲ့ သတင်းသမားတွေက CPJ ကို ပြောပါတယ်။ 

တချို့မီဒီယာတွေဟာ အာဏာသိမ်းပြီးကတည်းက လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းခံရပြီး မြန်မာသတင်းထောက် ဒါဇင်ပေါင်းများစွာဟာလည်း ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် ပုန်းအောင်းနေကြရတယ်လို့လည်း CPJ ကိုပေးပို့ထားတဲ့ (AAPPB) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

ပြည်တွင်းက မတရားဖမ်းဆီးအကျဉ်းချခြင်းတွေကို ရှောင်ရှားဖို့ အိမ်နီးချင်း အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ အပါအဝင် တခြားနိုင်ငံတွေထဲ ထွက်ပြေးတိမ်းရှောင်လာသူ  အရေအတွက် တိုးပွားလာနေတယ်လို့လည်း အယ်ဒီတာတွေနဲ့ သတင်းသမားတွေက CPJ ကို ပြောပါတယ်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က အကြမ်းဖက် ကားနဲ့တိုက် ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်မှာ Myanmar Pressphoto Agency က သတင်းထောက် ၂  ယောက်  ဒဏ်ရာ အပြင်းအထန်ရပြီး  ဖမ်းဆီးခံထားရပါတယ်။

REF- CPJ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up