စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်၊ ဒုန်းတောရွာက ပြည်သူ ၁၁ ဦးကို မီးရှို့သတ်ဖြတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ် ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးသွားတယ်လို့ သိရပါတယ်။
ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ''ဒီကောင်တွေပြန်တဲ့လမ်း ယင်းမာပင်မြို့နယ်၊ တယ်ပင်ခန်ရွာနားမှာ မိုင်းအလုံး ၃၀ ကျော်ခွဲပြီး လက်စားချေလိုက်တာ၊ ၁၅ ကောင်အနည်းဆုံးသေတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိသေးတယ်'' လို့ အတည်ပြုပြေေပါတယ်။
ဟစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောရွာမှ ပြည်သူ ၁၁ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီးအပြန်မှာ TRIPLE TWO အဖွဲ့နဲ့ မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမိုင်းဆွဲခံရလို့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပေမယ့် သီးခြားအတည်ပြုနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက ဒုန်းတောကျေးရွာဒေသခံပြည်သူ ၁၁ ဦးကို ကြိုးတုပ်ပြီး မီးရှို့သတ်ဖြတ်ခဲ့ကာ ဒီဇင်ဘာ ၈ ရက်နေ့မှာလည်း ဒေသခံ စိတ်မနံ့သူ အသက် ၆၅ နှစ်အရွယ် ဒေါ်ဝင်းရီကို သတ်ဖြတ်သွားခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ၃၆၉ တပ်(သစ်ကျင်းကြီးတပ်)အတွင်းကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က အဝေးပစ် ၃ လုံးနဲ့ ဒေသခံ PDF တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“အဝေးပစ် လက်နက်နဲ့တိုက်ခိုက်ခဲ့လို့ စစ်တပ်က ပြန်ပစ်ခတ်တာတွေတော့ရှိတယ်။ ကျနော်တို့ဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ ရန်သူ့ဘက်က အထိခိုက်ကိုတော့ အတည်မပြုနိုင်သေးဘူး”လို့ သပြေညိုပြောက်ကျားအဖွဲ့ကပြောပါတယ်။
အခုစစ်ဆင်ရေးကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Falcon Force- (AF2)၊ Ayadaw Bone Naing PDF- (ABNPDF) ညီနောင်မဟာမိတ် ၃ ဖွဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။