ကေအန်ယူ၊ သထုံခရိုင်၊ ဘားအံမြို့နယ်၊ ကျော်ကေ့ခီးကျေးရွာ အလယ်လမ်းခွမှာ နယ်ခြားစောင့်တပ်(BGF)က ထောင်ထားခဲ့တဲ့ တိုက်မိုင်းတစ်လုံးပေါက်ကွဲပြီး ဒေသခံရွာသား တယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းက တိုက်မိုင်းပေါက်ကွဲခဲ့တဲ့အတွက် ကျော်ကေ့ခီးကျေးရွာသား အသက် ၂၄ နှစ်အရွယ် လူငယ်တယောက် ဘယ်ဖက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံက ပြောပါတယ်။
ကျော်ကေ့ခီးရွာသားတစ်ဦးက"BGF တွေက အခုလို လမ်းပေါ်မှာ မိုင်းထောင်တာကတော့ အရမ်းရက်စက်ရာကျတယ်။ ရွာသားတွေက ဘာအပြစ်ရှိလို့လဲ။ သူတို့လုပ်ချင်တယ်ဆို လက်နက်ကိုင် အချင်းချင်းလုပ်လေ"လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၇ ရက်က BGF ၉၉၉ တပ်နယ် လက်အောက်ခံ ၂၀၁၉ တပ်ရင်းက စောလားသစ်ဦးဆောင်ပြီး လမ်းဆုံလမ်းခွတွေမှာ ထောင်ထားခဲ့တဲ့မိုင်းဖြစ်ပြီး KNLA တပ်ရင်း ၁ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ BGF တပ်က အများပြည်သူသွားလာနေတဲ့ ရွာလယ်လမ်းဆုံ၊ လမ်းခွတွေမှာ နင်းမိုင်း၊ တိုက်မိုင်း ထောင်ထားခဲ့တာဟာ ပြည်သူလူထုကို ထိခိုက်စေလိုတဲ့အပြင် ရန်သူလိုသဘောထားတာဖြစ်ပြီး လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ ကေအန်ယူ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အဆိုပါ မိုင်းထောင်မှုနဲ့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ နယ်ခြားစောင့်တပ် BGF ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။