မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ ရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာ ၈ ရက် ည ၅ နာရီကျော်လောက်က ပစ်ခတ် တိုက်ခိုက်ခံခဲ့ရလို့ အနည်းဆုံး ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရဲကင်းစခန်းကို သေနတ်သံအချက် ၁၀ လောက်နဲ့ ဗုံး ၃ လုံးပါ ပစ်ခံရပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကိုပါ ဆိုင်ကယ်နဲ့ စီးလာသူတွေက ထပ်မံ သေနတ်နဲ့ပစ်ခတ်သွားတာဖြစ်ပါတယ်။
အနီးအနား ပတ်ဝန်းကျင်က လူတွေ စိုးရိမ်ကြောက်လန့်နေကြပြီး ဘယ်သူမှ အပြင် မထွက်ရဲကြဘဲ လမ်းအသွားအလာတွေမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားကြသလို ဈေးဆိုင်တွေပါ။ ချက်ချင်းပိတ်သိမ်းလိုက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အခု ရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ရဲတယောက် ကျေးရွာ ပြည်သူ့စစ်နှစ်ယောက်နဲ့ စစ်မှုထမ်းဟောင်း တယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှာလည်း ဒီဇင်ဘာ ၈ ရက် မနက် ၉ နာရီခွဲလောက်က ဗုံးပေါက်ကွဲပြီး ခြံစည်းရိုး ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
စည်ပင်ရုံး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရပ်ကွက်တချို့နဲ့ လူစည်းကားရာ နေရာတွေမှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးနေသလို ဆိုင်ကယ်ဘောက်တွေနဲ့ ဖုန်းတွေကိုပါ စစ်ဆေးနေတယ်လို့ ဒေသခံတွေကို ပြောပါတယ်။
သထုံစည်ပင်ရုံး ဗုံးဖောက်ခွဲတာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပြီး စစ်ကောင်စီလက်ပါးစေရုံးတွေကို ရရာနည်းနဲ့ ဖျက်ဆီးသွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရုံးတွေအနားကို မသွားကြဖို့ သတိပေးထားပါတယ်။
အလားတူ ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ဒီဇင်ဘာလ ၈ ရက် မနက်အစောပိုင်းက ခရိုင်ရဲရုံးနဲ့ ထွေအုပ်ရုံးတွေမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မနေ့ မနက် ၃ နာရီ မိနစ် ၅၀ လောက်မှာ ခရိုင်ရဲရုံးနဲ့ ထွေအုပ်ရုံးမှာ ပေါက်ကွဲသံကြားခဲ့ရပြီး နောက်ပိုင်း ဆဲဆိုသံတွေ လည်းကြားခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
“ဗုံးမပေါက်တာ အတော်ကြာပြီ ခုမှ ပြန်ပေါက်တာ မြို့ပေါ်နေတဲ့သူတွေတော့ အသံကြားမှာပါ ပေါက်ကွဲတဲ့အသံတော်တော်ကျယ်တယ် ထိခိုက်တာတော့ မရှိဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
မြောင်းမြမြို့မှာ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့နေရာတွေ ဗုံးမကွဲတာ ၃ လလောက်ရှိပြီဖြစ်ပြီး ဒီဇင်ဘာလပိုင်းမှာ ပြန်လည်ပေါက်ကွဲတာဖြစ်ပါတယ်။
မြောင်းမြခရိုင် ရဲရုံးနဲ့ ထွေအုပ်ရုံးကို အသိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ Myaungmya Special Task Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။