ဆားလင်းကြီး ရွာသားများအား စစ်တပ်က သတ်ဖြတ်မှုအပေါ် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချ

စစ်ကိုင်းတိုင်း အနောက်မြောက်ဘက် ဆားလင်းကြီးမြို့နယ်မှာ ဒီဇင်ဘာ ၇ ရက်နေ့က ဒေသခံ ရွာသားတွေ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ်  ကုလသမဂ္ဂက  ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ထုတ်ပြန်ပြောဆိုလိုက်တာပါ။

အခုလို အကြမ်းဖက်တာတွေတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး နိုင်ငံတကာ အသိုင်းအဝန်းက တညီတညွတ်တည်း တုံ့ပြန်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကတော့ ခိုင်လုံတဲ့ သတင်းတွေအရ သေဆုံးသူတွေထဲမှာ ဆားလင်းကြီးသတ်ဖြတ်ခံရသူတွေထဲမှာ ကလေး ၅ ယောက် ပါဝင်တယ်လို့ ပြောထားပါတယ်။

ဒီဇင်ဘာ ၇ ရက်​နေ့က ဆားလင်းကြီးမြို့နယ် ဒုန်း​တော​ကျေးရွာအပြင်ဘက် ကိုင်း​တောထဲပုန်း​ရှောင်နေတဲ့ စစ်​ရှောင်ပြည်သူ ၁၁ ဦးကို စစ်​ကောင်စီတပ်ဖွဲ့က ပစ်သတ်မီးရှို့ထားခဲ့တာပါ။

ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က သတ်ဖြတ်ထားခဲ့တဲ့ ဒုန်း​တော​ကျေးရွာက ၁၁ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် အလောင်း ၄ လောင်း ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း အသတ်ခံထားရသူ ၁၅ ဦး ရှိပြီ ဖြစ်ပါတယ်။

မုံရွာ-ပုသိမ် လမ်းအတိုင်းလာ​နေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ကို ​လမ်းခုလပ်တစ်​နေရာမှာ ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့တာကြောင့် စစ်​ကောင်စီဘက်က အထိနာသွားခဲ့ပြီး ခုလို သတ်ဖြတ်ခဲ့တာဖြစ်နိုင်ပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ​တွေလည်း ထွက်​ပြေးတိမ်း​ရှောင်​ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up