Home
မြန်မာသတင်း
မိုဘိုင်းအင်တာနက်အသုံးပြုခနှုန်းထားများ ၂ ဆခန့် စတင်တိုးမြှင့်
DVB
·
December 8, 2021

ပြည်သူလူထုစီးပွားရေး ကျပ်တည်းနေချိန်မှာ ဆက်သွယ်ရေးအော်ပရေတာတွေဟာ စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ မိုဘိုင်းအင်တာနက်အသုံးပြုခ နှုန်းထားတွေကို ဒီဇင်ဘာ ၈ ရက် ဒီနေ့က စတင်ပြီး အရင်ကထက် နှစ်ဆနီးပါး တိုးမြှင့်လိုက်တယ်လို့ သုံးစွဲသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးတယ်လီကွန်းလုပ်ငန်းတွေဆောင်ရွက်နေတဲ့  MPT၊ တယ်လီနော၊ အော်ရီဒူးနဲ့ မိုင်တဲလ် အော်ပရေတာ လေးခုစလုံးက  ဒီနေ့စတင်ပြီး  မိုဘိုင်းအင်တာနက် စျေးနှုန်းတွေကို နှစ်ဆ နီးပါး တိုးမြှင့်လိုက်တာပါ။ 

အကြမ်းဖျင်းအားဖြင့်  အရင်က ကျပ် ၁၀၀၀ ဆိုရင် မိုဘိုင်းဒေတာ  1GB နီးပါးရရှိခဲ့ပေမဲ့ အခုအခါမှာတော့  1GB ကို ကျပ် ၂၀၀၀ နီးပါးကုန်ကျတော့မှာ ဖြစ်ပါတယ်။ အရင်က  ၉၅၀ MBကို  ၉၉၉ ကျပ်၊ အခုက  ၉၉၉ ကျပ်ကို ၅၂၅ MB လောက်ပဲရတော့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ မကြာသေးမီက ညွှန်ကြားချက်အရ ဝန်ဆောင်မှုတွေ၊ ဒေတာနဲ့ အသံ Package အပါအဝင် promotion package တွေမှဝန်ဆောင်မှုတချို့ရဲ့ ဈေးနှုန်းတွေကို  ပြောင်းလဲသတ်မှတ်တာနဲ့ တချို့ကို ယာယီဆိုင်းငံ့သွားမယ်လို့ MPT က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိဝယ်ယူထားပြီးဖြစ်တဲ့ ဝန်ဆောင်တွေနဲ့  promotion package အစီအစဉ်တွေကို သူတို့ရဲ့ သက်တမ်း ကုန်ဆုံးရက်အထိ (သို့မဟုတ်) ရရှိထားတဲ့ အသုံးပြုနိုင်မှုပမာဏ ကုန်ဆုံးချိန်အထိ အပြောင်းအလဲမရှိဘဲ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

စီးပွားရေးကျပ်တည်နေချိန်မှာ  အခုလို မိုဘိုင်းဒေတာခတွေ  တိုးလိုက်တဲ့အတွက် အဓိက၀င်ငွေနည်းတဲ့ ပြည်သူတွေကို ပိုမို အခက်အခဲတွေ့စေမှာဖြစ်ပါတယ်။

မိုဘိုင်းဒေတာအသုံးပြုသူ လူငယ်တဦးက “အရင်ကဆိုရင် တထောင်ကျပ်တန် ငွေဖြည့်ကတ်ထည့်လိုက်ရင် ဘယ်ဟာပဲ သုံးသုံး ဒေတာက 1 GB နီးနီးရတယ်နော်။ အခု မရတော့ဘူး။ ကျနော်ထင်တယ်။ စစ်ကောင်စီက သူဝင်ငွေရနိုင်တဲ့ အပေါက်တွေကို လိုက်ရှာပြီး မြိုစို့နေလားလို့လေ။ ပြီးတော့ မိုဘိုင်းအော်ပရေတာတွေကိုလည်း တခုမေးချင်တယ်ဗျာ။ ဝန်ဆောင်ခနှုန်းတွေကို အခုလိုစျေးမြှင့်လိုက်တဲ့အပေါ် သုံးစွဲသူတွေအတွက် ဘာပြန် ပေးနိုင်သလဲပေါ့။ ဆိုလိုတာက ကျနော်တို့ဆီမှာ စားသုံးသူနဲ့ပတ်သတ်တဲ့ အခြေခံရပိုင်ခွင့်တွေရှိတယ်လေ။ ဒါပေမဲ့ အခုလို စနစ်ဆိုး၊ ခေတ်ဆိုးကာလကြီးမှာတော့ ဘာမှ မျှော်လင့်လို့ ရမှာမဟုတ်ပါဘူး။ သုံးနိုင်ရင် သုံးပေါ့။ မသုံးနိုင်ရင် မသုံးနဲ့ ဆိုတဲ့ အပေါက်ပဲလေ” လို့ဆိုပါတယ်။

အခုလိုဝန်ဆောင်မှုနှုန်းထားကို ရုတ်ချည်းပြောင်းလဲလိုက်တဲ့အပေါ် လုပ်ငန်းရှင်တဦးက “စျေးနှုန်းကတော့ ကိုယ့်နိုင်ငံ ကိုယ်သတ်မှတ်တာပဲဗျ။ သူတို့ မကိုက်ရင် မကိုက်သလို ပြန်ဆွဲပြီး လုပ်မှာပဲနော်။ အော်ပရေတာတွေရဲ့ သဘောက ကြိုက်ရောင်းကြိုက်ဝယ်သဘောပါ။ ဆိုလိုတာက အော်ပရေတာဘက်က သူမကိုက်လို့ စျေးတင်တာကို သုံးစွဲသူဘက်က ပေးနိုင်ရင် သုံး၊ မပေးနိုင်ရင် မသုံးနဲ့ဆိုတဲ့သဘောပေါ့။ ဒါပေမဲ့ ဒါတွေက ဘာကြောင့် ဒီလို ဖြစ်သွားတာလဲဆိုတဲ့ အကြောင်းတော့ ရှိမှာပေါ့နော်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် အော်ပရေတာတွေက သုံးစွဲသူတွေကို ပြန်ပြီးတော့ promotion တွေ၊ discount တွေ ပေးတယ်ဆိုတာက သူတို့မြတ်ထားတဲ့ အမြတ်တွေထဲက ကျနော်တို့ကို ပြန်ပြီးတော့ ဝေမျှပေးတဲ့သဘောပါ။ ဒါပေမဲ့ အခုအချိန်မှာ ဘာမျှအမြတ်မရှိတော့လို့၊ ဒါမှမဟုတ် တခြားဆုံးရှုံးမှုတွေ ရှိရင်လည်း ရှိနိုင်တာပေါ့နော်။ ကျနော်ပြောတာက အော်ပရေးရှင်းအပိုင်းမှာလေ။ အဲ့တော့ ဒီ့အတွက် ကြောင့်ပဲ လုပ်လားပေါ့။ ဒါမှမဟုတ် နိုင်ငံရေးအရ တခြားရည်ရွယ်ချက်တခုခု ရှိလားပေါ့နော်။ ဒီအချက်တွေလည်း ထည့်စဉ်းစားရမယ်ခင်ဗျ” လို့ပြောပါတယ်။

လက်ရှိပြောင်းလဲလိုက်တဲ့ မိုဘိုင်းဒေတာအသုံးပြုမှုနှုန်းထားတွေက Telenor နဲ့ Ooredoo အော်ပရေတာတို့က internet package အတွက် 1 GB ကို ၁၉၉၀ ကျပ်ရှိပြီး MPT အော်ပရေတာက 935 MB ကို ၁၇၉၉ ကျပ်နဲ့ စစ်ကောင်စီပိုင် Mytel အော်ပရေတာက 512 MB ကို ၉၆၈ ကျပ်နဲ့ အသီးသီးစျေးနှုန်းတွေကို ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

အရင်က  Telenor နဲ့ Ooredoo အော်ပရေတာတို့က internet package အတွက် 925 MB ကို ၉၉၉ ကျပ်သာရှိခဲ့ပြီး MPT က 935 MB ကို ၉၉၉ ကျပ်နဲ့ စစ်တပ်ပိုင် Mytel ကလည်း 920 MB ကို ၉၆၈ ကျပ်သာရှိတာကြောင့် အခုပြင်ဆင်လိုက်တဲ့နှုန်းက  အရင်ကထက် နှစ်ဆနီးပါး တက်သွားပါတယ်။

အခုလို အင်တာနက်နှုန်းထားတွေ နှစ်ဆနီးပါး တိုးမြှင့်လိုက်ဖို့ အမိန့်ထုတ်တာဟာ ၀က်ဆိုဒ်တွေ၊ အပလီကေးရှင်း ဖန်တီးပြီး ဒီဂျစ်တယ်နည်းလမ်းနဲ့ တော်လှန်ရေး ရန်ပုံငွေရှာတာတွေ လုပ်ဆောင် နေတာကို ဟန့်တားဖို့  ရည်ရွယ်နိုင်တယ်လို့လည်း လေ့လာစောင့်ကြည့်သူတချို့က သုံးသပ်ပါတယ်။

ပြီးတော့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ သတင်းတွေ၊ ဗွီဒီယိုတွေကို အွန်လိုင်းပေါ်မှာ အလွယ်တကူ၊ မမျှ ဝေနိုင်အောင် ရည်ရွယ်ပြီးလုပ်တယ်ထင်ပါတယ်လို့ အော်ရီဒူး အသုံးပြုသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေက MPT က၂၃ သန်း၊ Telenor က ၁၇ သန်း၊ Ooredoo က ၁၅ သန်း နဲ့ စစ်တပ်ပိုင်  Mytel က ၁၀ သန်း ရှိတယ်လို့ မိုဘိုင်းအော်ပရေတာတွေက ထုတ်ပြန်တဲ့ကိန်းဂဏန်းအချက်အလက်တွေ အရ သိရပါတယ်။

Photo- MPT

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024