Home
မြန်မာသတင်း
ကြည့်မြင်တိုင်ဖြစ်စဉ်တွင် ဦးခေါင်းဒဏ်ရာပြင်းထန်ရခဲ့သည့် အမျိုးသမီးသတင်းထောက် ၁ ဦး သတိပြန်ရ
DVB
·
December 8, 2021

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို  စစ်တပ်က ကားနဲ့ဝင်တိုက် အကြမ်းဖက်ခဲ့တဲ့ ဖြစ်စဉ်အတွင်း အပြင်းအထန် ဒဏ်ရာရခဲ့လို့ အရေးပေါ်ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတဲ့ Myanmar Pressphoto Agency သတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက် သတိပြန်ရလာပြီလို့ သိရပါတယ်။ 

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ ဒီဇင်ဘာ ၅ ရက်မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူငယ်တွေကို  စစ်ကောင်စီတပ်က  ကားတစီးနဲ့ အရှိန်နဲ့မောင်းလာပြီး အကြမ်းဖက် ဝင်တိုက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီအချိန်မှာ သတင်းရယူနေတဲ့ MPA သတင်းဌာနက ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းရဲ့ ဦးခေါင်းမှာဒဏ်ရာရခဲ့ပြီး အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရတာမှာ ခွဲစိတ်တာ အောင်မြင်ပြီး သတိပြန်ရလာပြီလို့ သိရပါတယ်။

ဦးခေါင်းခွဲစိတ်မှုအောင်မြင်တာကြောင့် စိုးရိမ်စရာအခြေအနေမရှိတော့ပေမဲ့ လက်ရှိအချိန်မှာတော့ ကားနဲ့ဝင်တိုက်ခံရတဲ့ ဒဏ်ရာကိုခံစားနေရဆဲဖြစ်တယ်လို့ Myanmar Pressphoto Agency သတင်းဌာနရဲ့ အယ်ဒီတာ ကိုဂျေပိုင်က DVB ကိုပြောပါတယ်။

ဆန္ဒပြပြည်သူတွေကို စစ်ကားနဲ့အကြမ်းဖက်ဝင်တိုက်မှုမှာ ဒဏ်ရာရပြီး အဖမ်းခံခဲ့ရတဲ့ ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းကိုတော့  မိသားစုတွေက အဝတ်အစားနဲ့ လိုအပ်တာတွေ ပို့ပေးလို့ရပေမယ့် တွေ့ခွင့်ပေးတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

ခုလိုငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို စစ်ကားနဲ့တိုက်တာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်သလို ကားနဲ့ နောက်ကဝင်တိုက်တာဟာ ဆိုးရွာလွန်းတဲ့လုပ်ရပ်ဖြစ်တာကြောင့် ပြောစရာစကားလုံးတောင် ရှာမရတော့ဘူး လို့ မြန်မာနိုင်ငံရဲ့ ဝါရင့်သတင်းစာ ဆရာတဦးက ဒီဗွီဘီကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့ အဆိုပါ သတင်းထောက် ၂ ယောက်ကို ကန့်သတ်ချက် မထားပဲ လွှတ်ပေးဖို့နဲ့ သူတို့အတွက် တရားမျှတမှုရအောင် လုပ်ဆောင်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က တောင်းဆိုထားပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့သူတွေကို ကားနဲ့ဝင်တိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်ကို နိုင်ငံတကာကလည်း ရှုတ်ချထားသလို ဥပဒေကိုကျော်လွန် လုပ်ဆောင်တဲ့ လူသတ်မှုဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြထားပါတယ်။ 

စစ်ကောင်စီပြန်ကြားရေးကတော့ ကြည့်မြင့်တိုင်ဖြစ်စဉ်မှာ  ကျား ၈ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၁ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးခံရသူတွေထဲက ဘိုဘိုစံ မှာ ဦးခေါင်းနဲ့ လက်မောင်း ပေါက်ပြဲဒဏ်ရာ၊ မောင်ကောင်းမှာ ဦးခေါင်းနဲ့ ယာဘက်ဒူးခေါင်း ပွန်းပဲ့ဒဏ်ရာ၊ ကရေဇင်(ခ)မှူးရတနာ မှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာနဲ့ ဝဲဘက်ခြေသလုံးရိုးကျိုး ဒဏ်ရာတွေ အသီးသီးရရှိခဲ့လို့ စစ်ဆေးရုံမှာ ကုသပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024