ရန်ကုန်တိုင်းအတွင်း ဒီဇင်ဘာ ၇ ရက် မနေ့က တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး စစ်ကောင်စီတပ်သား ၈ ယောက်လောက် သေဆုံးပြီး ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပျံလွှားအောင်စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုအဖြစ် မနေ့က စစ်ဆင်ရေး လှုပ်ရှားတာ ၄ ခုလုပ်ခဲ့ပြီး တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက်မှာရှိတဲ့ မိုင်တဲတာဝါတိုင် Control box ၂ လုံးကို မနေ့ည ၉ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဖောက်ခွဲဖျက်ဆီးပြီး ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆက်ပြီး မိုင်းခွဲတိုက်ခိုက်တာမှာတော့ စစ်ကောင်စီတပ်သား ၃ ယောက်လောက် သေဆုံး၊ တချို့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
တိုက်ကြီးမြို့နယ် မိုးကုလားရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ ပူးပေါင်းလှည့်ကင်းယာဉ်တန်းကို မနေ့ည ၇ နာရီခွဲလောက်မှာ ရှေ့ထွက်မိုင်း ခွဲမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်လို့ စစ်သား ၁၀ ယောက်လောက် ဒဏ်ရာရ၊ တချို့ သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။
ပြီးတော့ လှိုင်သာယာမြို့နယ်၊ အောင်ဇေယျကြိုးတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဘန်ကာကို မနေ့ မနက် ၇ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လှိုင်သာယာမြို့နယ်တခုလုံးက CCTV ကင်မရာတွေရဲ့ မှတ်တမ်းတွေကို အကြမ်းဖက် စစ်ကောင်စီတိုင်းရုံးနဲ့ လှိုင်သာယာ ၅ ထိပ် ရဲစခန်းတို့ဆီ ဆက်သွယ်ထားတဲ့ ဘုရင့်နောင် တံတားအောက်က CCTV Control Box ကို ဒီမနက် ၅ နာရီခွဲလောက်က ပြင်းအားကောင်း အဝေးထိန်း မိုင်း ၃ လုံးနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။
Special Humanitarian Encounter Defence(SHED) နဲ့ RGA Alliance တို့ ပူးပေါင်းအဖွဲ့ကလည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ မနေ့ည ၇ နာရီလောက်က တကြိမ်မိုင်းခွဲတိုက်ခိုက်ပြီး ၈ နာရီလောက်က ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၅ ယောက်လောက် သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သာကေတမြို့နယ် သုမနလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဌာနဆိုင်ရာ အဆောက်အအုံတခုကို ဒီမနက်အစောပိုင်း ၂ နာရီလောက်က သာကေတမြို့ပြ ပြောက်ကျားအဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။