ပခုက္ကူ ကုန်စည်ဒိုင်သို့ ကြက်သွန်နီ စံချိန်တင်ဝင်ရောက်သဖြင့် အရှုံးပေါ်

ပခုက္ကူ ကြက်သွန်ကုန်စည်ဒိုင်ကို နိုဝင်ဘာလအတွင်း  နွေ ကြက်သွန်နီ ကုန်ချိန် ပိဿာ  ၄၇ သိန်းအထိ စံချိန်တင် အများဆုံးဝင်ရောက်လာတာကြောင့် ကုန်သည်တွေနဲ့ ပွဲရုံတွေ အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။

အရင်လတွေက တစ်လကို ကုန်ချိန် ၁၀ သိန်း၊ ၁၂ သိန်းလောက်ပဲ ဝင်ခဲ့တာဖြစ်ပြီး ၁၁ လပိုင်း ၁ ရက်နေ့က ပခုက္ကူကုန်စည်ဒိုင်စတင်ဖွင့်လှစ်လိုက်တာကြောင့် အခုလို အများအပြား တဟုန်ထိုးဝင်ရောက်လာတာလို့ ပခုက္ကူကြက်သွန်ပွဲရုံပိုင်ရှင်တွေဆီက သိရပါတယ်။

ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက “ပခုက္ကူမြို့ကို ဦးဆိုရင် အသက် ၆၀ ကျော်ပေါ့နော် ကြက်သွန်လုပ်လာတာ အသက် ၂၀၊  ၂၂ နှစ်လောက်က လုပ်လာတာ တခါမှ တလတည်း သိန်း ၄၀ မဝင်ဖူးဘူး။ အခု ၁၁ လပိုင်း တလတည်းတင် သိန်း ၄၇ သိန်းလောက် ဝင်တယ် ပိဿာချိန်။ အမှန်တကယ်ဝင်ရမှာက တစ်လတည်းမှာ ၁၀ သိန်း၊ ၁၂ သိန်း အဲလောက်ပဲ ဝင်ရမှာလေ။” လို့  ပြောပါတယ်။

ကြက်သွန်အဝင်များပြီး ဈေးနှုန်းဟာလည်း အောက်စအနေနဲ့ တစ်ပိဿာကို ငွေကျပ် ၈၀ ဝန်းကျင်ရှိနေပြီး ကုန်သည်တွေနဲ့ ပွဲရုံတွေပါ အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။ 

“သူတို့ကဈေးမှမလိုက်ပဲ၊ ဒီနေ့ဆိုရင် တစ်ပိဿာ ၈၀ ပေးရတာ။ အလုပ်သမားခတွေ အိတ်ခွံဖိုးတွေ အဲဒီတော့ တစ်ပိဿာ ၄၀ လောက် ၃၀ လောက် ကျန်တော့တာဆိုတော့ ဒါတောင်ပြာတဲ့ သန့်တဲ့ဟာက နည်းနည်း တွက်ထိုးပြီးလုပ်ပေးမှနော၊ ပုံမှန်လုပ်ရင် ဘာမှကိုမကျန်တာ၊ အကုန်ရှုံးကြတယ်။ ၃၀၀ ရှုံးတဲ့လူ၊ ၄၀၀ ရှုံးတဲ့လူ၊ ၅၀၀ ရှုံးတဲ့လူ၊ ပွဲစားတွေလည်း ရှုံးကြတာပဲ” လို့ ပခုက္ကူကြက်သွန် ပွဲရုံပိုင်ရှင်နောက်တစ်ဦးက ပြောပါတယ်။

ပခုက္ကူ ကြက်သွန်ကုန်စည်ဒိုင်ဟာ ကိုဗစ်-၁၉ ကြောင့် ၆ လပိုင်းက စတင်ပြီး  ၃ လကြာ ပိတ်ထားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့က ပြန်ဖွင့်ခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up