စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာက စစ်ရှောင်ပြည်သူတွေကို ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး မီးရှို့ထားခဲ့တယ်လို့ သိရပါတယ်။
အင်အား ၃၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်မှုထမ်းဟောင်းအများစုနေထိုင်တဲ့ အောင်ဇေယျကွက်သစ်(ဒေသခေါ် ရွှေတောင်ဦးကုန်းပေါ်)ဘက်နေ မုံရွာ-ပုသိမ်ကားလမ်းအတိုင်း လာစဥ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လမ်းဘေးဝဲယာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုန်းတောကျေးရွာက ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့ကြပြီး မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးရှို့သတ်ဖြတ်ခံရတဲ့ပြည်သူပေါင်း ၁၁ ဦးထက်မနည်းရှိပြီး ကျေးရွာအပြင်ဘက် ကိုင်းတောထဲပုန်းရှောင်နေစဥ် သတ်ဖြတ်မီးရှို့ခံရတာလို့ ဆိုပါတယ်။
မုံရွာ-ပုသိမ် လမ်းအတိုင်းလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လမ်းခုလပ်တစ်နေရာမှာ ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခံခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာသွားခဲ့ပြီး အခုလို တွေ့သမျှလူတွေကို သတ်ဖြတ်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၇ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ မုံရွာ-ပုသိမ် လမ်းအတိုင်း ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လမ်းခုလပ်တစ်နေရာမှာ ဒေသခံ PDF အဖွဲ့က မိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သား ထိခိုက်ကျဆုံးမှုရှိပေမယ့် အရေအတွက်အတိအကျတော့ မသိရဘူးလို့ PDF အဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြောပါတယ်။
လက်ရှိအချိန်ထိ မုံရွာ-ပုသိမ် ကားလမ်းဘေးဝဲယာမှာရှိတဲ့ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ဒေသခံပြည်သူတွေဟာ နေအိမ်တွေမှာ မနေရဲကြဘဲ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။