Home
ဆောင်းပါး
နှလုံးသည်းပွတ်ရဲ့ နာကျင်သံ သို့မဟုတ် ပြေး..ပြေး…
DVB
·
December 7, 2021

‘ပြေး…ပြေး…ပြေး’ ဆိုတဲ့အသံတွေ ဝန်းကျင်တခုလုံး ဖုံးလွှမ်းသွားသလို ရင်ထဲမှာ ပဲ့တင်ထပ်နေတယ်။ ဒါဟာ ‘ဖေါရက်ဂန်း’ရဲ့ ဇာတ်ဝင်ခန်း မဟုတ်ဘူး။ မယုံနိုင်စရာ တကယ့်ဖြစ်ရပ်တွေ။ မျက်ဝါးထင်ထင် စိမ်းစိမ်းလတ်လတ် မြင်ကွင်းတွေ။ အာရုံ ၆ ပါးလုံး သွေးစွန်းခဲ့တဲ့ အထင်ကရတွေ။ 

အော်ဟစ်သတိပေး လှုပ်နှိုးသူတို့ရဲ့ အသံတွေ တူညီကြပေမဲ့ ‘ဖောရက်ဂန့်တော့ မဟုတ်ဘူးကွယ်။ ‘ပြေး..ပြေး..’ ရယ်လို့ အော်ဟစ်သတိပေးသံတို့ ထွက်ပေါ်ရာ နှလုံးသားရပ်ဝန်းတွေ တူညီနေပေမဲ့ ‘ဖောရက်စ်’တော့ မဟုတ်ဘူးကွယ်။ စိုးရိမ်စိတ်တွေ လွှမ်းမိုးရာ အတိုင်း ကျယ်ပြန့်တာချင်း တူညီကြပေမဲ့ ‘ဖောရက်စ်’တော့ မဟုတ်ဘူးလေ။

အနိုင်ကျင့်ခံရတာချင်း တူပေမဲ့ ဖောရက်စ်တော့ မဟုတ်ဘူး။ အနိုင်ကျင့်သူ စီးနင်းလာတာက ‘ဖောရက်စ်’ကို ထိတ်လန့်စရာ စက်ဘီး မဟုတ်ဘူး။ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လိုက်တဲ့ ကားတစီးရဲ့အားက စက်ဘီးထက် အဟုန်များစွာပြင်းလွန်တယ်။ ခြိမ်းခြောက်တာမဟုတ်ဘူး၊ အသေတိုက် သတ်ပစ်ဖို့ ကြံရွယ်ခဲ့တာ။   

ပဲ့တင်ထပ်နေတဲ့ အသံတွေမှာ သံတို၊ သံလတ်၊ သံရှည် အစုံစုံပါခဲ့တယ်။ အသံတို့ရဲ့ ခံစားချက်ကို ဘာသာပြန်ဖို့ ခက်လွန်းလှတယ်။ သံရှည်ဆွဲလို့ ‘ဗျိုးဟစ်’သတိပေး နှိုးဆော်ရင်း ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကြောင့် အသံကို ရပ်မပစ်နိုင်တဲ့ သတိပေးနှိုးဆော်သူရဲ့ ခံစားစိတ်ကိုလည်း မြင်တွေ့လိုက်ရတယ်။ စိုးရိမ်စိတ်စောနေတဲ့ သံတို၊ သံပြတ် တို့ရဲ့ ခံစားစိတ်ကိုလည်း မြင်တွေ့ ခံစားလိုက်မိပါရဲ့။

လူထုရဲ့ အော်ဟစ် သတိပေးသံတာတွေက အားဖြစ်စေခဲ့တယ်။ စေတနာမွန်တွေကို မြင်တွေ့ခွင့်ရခဲ့တယ်။ နှလုံးသည်းပွတ်က ယိုဖိတ်ကျဆင်းလာတာကြောင့် လူထုရဲ့ နာကျင်သံတွေကိုပါ ကြားနေရတယ်။ ဖောရက်စ်ကတော့ သတိပေးသံကြောင့် အဟုန်ပြင်းပြင်းနဲ့ တရှိန်ထိုး ပြေးနိုင်လို့ အနိုင်ကျင့် နှိပ်စက်မယ့် မိစ္ဆာရိုင်းကောင်တွေရဲ့လက်က လွတ်မြောက်ခဲ့ပေမယ့် သူတို့လေးတွေကတော့ အနိုင်ကျင့် နှိပ်စက်တတ်တဲ့ မိစ္ဆာကောင်တို့ရဲ့လက်တွင်း ကျရောက်ခဲ့ကြတယ်။ ကားနဲ့ တိုက်အသတ်ခံရတယ်။ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ 

‘ပြေး ပြေး ’ဆိုတဲ့ ရပ်မိရပ်ဖတို့ရဲ့ ရင်တွင်းက ထွက်ပေါ်လာတဲ့ သတိပေးသံတွေကြောင့် “အာကာ ကျော်..ရေ… ပြေး..ပြေး” လို့ ထပ်ဆင့်သတိပေး အော်ဟစ်ခဲ့ပေမယ့် အရှိန်ပြင်းလွန်တဲ့ ကားအရှိန်ကြောင့် မြောက်တက်လွင့်စဉ် လဲကျသွားတဲ့ ‘အာကာကျော်’။ လေလွင့်ရွက်ဝါမှ မဟုတ်ဘဲ။ လဲရာက မထနိုင်တော့။ ပြေးထွက်မသွားနိုင်တော့။ 

‘ဟာ’ခနဲ အာမေဍိတ်သံတွေနဲ့ တက်ခေါက်သံတွေက ပန်းပင်ကြီးလမ်းတလျှောက် ပဲ့တင်ထပ်လို့။ 

အားလုံးရဲ့ မျက်ဝန်းအစုံစုံတို့က ‘အနိုင်ကျင့် နှိပ်စက်လွန်းတဲ့ စစ်မိစ္ဆာတို့လက်တွင်း’ ကျရောက်အံ့ဆဲဆဲ အာကာကျော်ဆီကိုပဲ ရောက်နေကြတယ်။ ယဉ်မေအောင်နဲ့ မြကြူကြူသင်းတို့လည်း ဆက်မပြေးနိုင်တော့ဘဲ လဲကျနေတဲ့ အာကာကျော်ကို ထွေးပွေ့လိုက်ကြတယ်။ သုံးယောက်သား ဖေးကူ ထွေးပွေ့ထားတဲ့ ပုံရိပ်တွေ။ ပန်းပုဆရာ ထုဆစ်လိုက်တဲ့ ရုပ်တုတခု မဟုတ်ဘူးကွယ်။ အသွေးအသားနဲ့ ပကတိ သက်ဝင်မှုရဲ့ နာကျင်စေတဲ့ ကြင်နာမှုတွေ…။

‘ပြေး ပြေး’ ဆိုတဲ့ သတိပေး လှုံ့ဆော်သံတွေကလည်း ပန်းပင်ကြီးလမ်း၊ စလင်းကွင်းနဲ့ ညဈေး ဝန်းကျင်တခုလုံး ဖုံးလွှမ်းလို့ ပဲ့တင်ထပ်နေတယ်။ ပြေးသူက ပြေး၊ လိုက်သူကလိုက်နဲ့ ဝရုန်းသုန်းကား ကမ္ဘာပျက်နေသလိုပါပဲ။ ကားတိုက်ခံရလို့ လဲကျ သေဆုံးနေသူတွေ။ နှိမ်နင်းရေးရိုင်ဖယ်ကျည် မှန်လို့ လဲကျ သေဆုံးနေသူတွေ။ ရန်သူ့လက်တွင်း အဖမ်းခံထာရသူတွေ။ ဝန်းကျင်တခုလုံး အလဲလဲ အပြိုပြိုနဲ့။ ‘ဂွါရာနီကာ ပန်းချီကားချပ်’ တခုထက်ပိုတဲ့ သက်ရှိထင်ရှား အသွေးအသားပုံရိပ်တွေက ‘ပါဖောမင့်’ တခုတော့ မဟုတ်ဘူးကွယ်။

တကယ်တော့ ပြေးမယ်ဆိုရင် လွတ်မယ်မှန်း သိပါရဲ့။ မပြေးရက် စွန့်ပစ်မထားရက်ခဲ့တဲ့ ရဲဘော်ရဲဘက်စိတ်က နှောင်တည်းထားတာပဲ မဟုတ်လား။ ဘယ်လိုစိတ်နဲ့ စွန့်ခွာရက်ပါ့မလဲကွယ်။ ‘နိုက်တင်ဂေး’ မဟုတ်ပေမဲ့ ကြက်ခြေနီရဲ့ လူသားဆန်စိတ်နဲ့ ရက်လရှည်ကြာ အတူတိုက်ပွဲဝင်ခဲ့ကြတဲ့ စိတ်တူ သဘောတူ အနာဂတ်အိပ်မက်တွေ အတူတူ မက်ခဲ့ကြတာလေ။   

ဒီတပွဲ အတူတူရုန်းလိုက်တာနဲ့ ‘စစ်အာဏာရှင် အမြစ်ပြတ်ပြီ’ ဆိုတဲ့အသိ ရင်ထဲမှာ ကိုယ်စီ ခိုင်မြဲနေခဲ့ကြတာ မဟုတ်လား။ ‘ရှေ့စကားကို နောက်စကားက သစ္စာဖောက်နေချိန် ကာလဆိုးကြီး’ ထဲမှာ လွတ်ရာလွတ်ကြောင်းအတွက် ဘယ်မှာစွန့်ခွာရက်ပါ့မလဲ။ ဒီလိုနဲ့ ငါတို့သုံးယောက်လုံး အာဏာပါးကွက်သား လက်တွင်း ဆင်းသက်ခဲ့ရတာပဲလေ။ ငါတို့ဟာ ဖောရက်စ်ဂန့် မဟုတ်ကြဘူးကွယ်။

ဟောဒီခေတ်ကြီးကို အတူတူထမ်းပိုးရင်း ရွှေရောင်တောက်ပနေတဲ့ အနာဂတ်ကို သယ်ဆောင်ကြမယ်လို့ ကတိစကားထားခဲ့ကြသူတွေ။ နုနယ်ပျိုမျစ်တဲ့အရွယ်ပေမယ့် လေးနက်တဲ့ အဓိပ္ပာယ်တွေကို ရင်နဲ့အမျှဖြည့်ဆည်းခဲ့ကြသူ တွေမဟုတ်လား။ အဲ့ဒီစိတ်နဲ့ ငါတို့ကြွေးကြော်သံတွေကို ငါတို့လက်နက်သဖွယ်ဆုပ်ကိုင်ပြီး စစ်မိစ္ဆာလွှမ်းမိုးမှုကို အာဏာဖီဆန်ခဲ့ကြတယ်။ ငါတို့သွေးကြောထဲမှာ နွေဦးတော်လှန်ရေးစီးဆင်းခဲ့ကြတယ်။ 

ပြည်သူအများကို လွတ်မြောက်စေချင်ရင် ပြည်သူအစေခံဖြစ်ဖို့ သတ္တိတော့လိုတာပေါ့။ ဒီပွဲမှာငါတို့ရှုံးနိမ့်ခဲ့ရင် လေးလံထူးခတ်ထားတဲ့ သံခြေကျင်းတွေနဲ့ တန်ဆာအဆင်ခံရနိုင်တယ်ဆိုတာ မသိလို့မှမဟုတ်ပဲ။ မပြေးသာလို့ မပြေးခဲ့တာမှ မဟုတ်ပဲ။ သတိပေးသံတွေကို အလေးဂရုမပြုလို့မှ မဟုတ်ပဲ။ နာကျင်ခြင်းထက် နာကြည်းမှုဒဏ်ချက်တွေအကြောင်း ကောင်းကောင်သိခဲ့ပါရဲ့။ ငါတို့ဟာ ဖေါရက်ဂန့်တွေမဟုတ်ခဲ့ကြဘူးလေ။

‘ပြေး..ပြေး..ပြေး..’ဆိုတဲ့ပြည်သူလူထုရဲ့မေတ္တာဓာတ်ရဲ့ ပဲ့တင်ရိုက်ခတ်တုန်ဟီးသံတွေက ကမ္ဘာမြေအနှံ့ခရီး ခရီးဆန့်နေကြပြီ။ ကမ္ဘာမြေကို ရစ်ပတ်ဖွဲ့နှောင်ထားတဲ့ နဂါးငွေ့တန်းနဲ့အပြိုင်ပေါ့။ GZ တွေ တာဝန်ကျေလွန်းတယ်။ ပြည်သူတွေမေတ္တာငွေ့က အားဖြစ်စေခဲ့တယ်။ မပြေးသာလို့ မပြေးခဲ့တာမဟုတ်။ အားမတန်လို့လည်းမာန် မလျော့ခဲ့ဘူး။ လူသားဆန်တဲ့ရဲဘော်စိတ်က အတူတကွတိုက်ပွဲဝင်ခြင်းရဲ့ ထူးခြားလေးနက်တဲ့အဓိပ္ပါယ်တွေ လွှမ်းခြုံနေတယ်။ ပြေး..ပြေးတဲ့။ လူထုရဲ့နာနာကျင်ကျင်အော်ဟစ်သံတွေက ကမ္ဘာကြီးတုန်သွားခဲ့တယ်။ ငါတို့အားလုံး ဟာ ဖေါရက်ဂန့်တော့ မဟုတ်ကြဘူးကွယ်။ အနာဂတ် ရွှေရောက်အိပ်မက်တွေရဲ့ သူရဲကောင်းတွေပေါ့။

(၅.၁၂.၂၁) နေ့ မေတ္တာစိတ်ဖြင့် ‘ပြေးပြေး’ဟု ဟစ်အော်သတိပေးခဲ့ကြသော ကြည့်မြင်တိုင်လူထု၊ ပန်းပင်ကြီးလမ်းမှာ ကြွေလွင့်ခဲ့ကြသော ပန်းပွင့်လေးများနဲ့ ရဲဘော်ရဲဘက် နှောင်ကြိုးခိုင်ခိုင်မြဲမြဲ တွဲလက်မဖြုတ်ခဲ့ကြသော အနာဂတ်သူရဲကောင်းအပေါင်းအား ဂုဏ်ပြုတင်ဆက်လိုက်ပါတယ်။)

ဂန္ထဝင်မောင်ထူး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024