တနင်္သာရီတိုင်း မြိတ်မြို့ဒေသခံ ကိုပြည့်စုံဦး(ခ)ကိုတီးတီးကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၇ နာရီလောက် မြိတ်မြို့ နောက်လယ်ရပ်ကွက် နေအိမ်ကနေ ဖမ်းဆီးသွားပြီးတဲ့နောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အသက် ၄၀ အရွယ် ကိုတီးတီးအား မြိတ်မြို့ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က PDF တွေကို ထောက်ပံ့တယ်ဆိုပြီး လာရောက်ဖမ်းခေါ်သွားတာလို့ သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တစ်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့မှာတော့ မိသားစုဝင်တွေကို မြိတ်မြို့မှာရှိတဲ့ ကလွင်သင်္ချိုင်းကုန်းကို လိုက်လာဖို့ စစ်ကောင်စီဘက်က ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေ သွားရောက်ကြည့်ရှုရာမှာလည်း သေဆုံးသူရုပ်အလောင်းကို ဓာတ်ပုံမရိုက်ဖို့နဲ့ အခြားသူတွေကို ပြန်မပြောဖို့ ဖိအားပေးခြိမ်းခြောက်ခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အသတ်ခံရသူ ကိုတီးတီးဟာ လေဖြတ်ထားကာ မိဘနှစ်ပါးကို ထမင်းဆိုင်ဖွင့်ပြီး လုပ်ကျွေးနေသူဖြစ်ပြီး သေဆုံးချိန်မှာ ကလေးငယ် ၂ ဦး ကျန်ရှိခဲ့တယ်လို့ သိရပါတယ်။
မြိတ်မြို့မှာ စစ်ကောင်စီတပ်သားတွေအနေနဲ့ ဒေသခံပြည်သူတွေအား PDF တွေကို ထောက်ပံ့တယ်ဆိုပြီး မကြာခဏ ဖမ်းဆီးတာတွေလုပ်နေတဲ့အပြင် စီးပွားရေးလုပ်ငန်းရှင် တစ်ချို့ကိုလာည်း PDF တွေထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခြိမ်းခြောက် ငွေကြေးတောင်းခံပြီး ပြန်လည်လွှတ်ပေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။