ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒီဇင်ဘာ ၆ ရက် ညနေ ၆ နာရီလောက်က ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူ့တယောက် ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အမှတ် ၅ ရပ်ကွက် တက္ကသိုလ်လမ်း၊ ဗိုလ်ချုပ်လမ်းမကြီး တက္ကသိုလ်မီးပွိုင့်နဲ့ အထက ၃ ကျောင်းရှေ့တို့မှာ ဗုံးတစ်လုံးဆီ ဆက်တိုက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အမှတ် ၅ ရပ်ကွက် ပေါက်ကွဲမှုမှာ အရပ်သားတယောက် ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့တာပါ။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်အနီး နေထိုင်တဲ့ပြည်သူ့တစ်ဦးက “တက္ကသိုလ်လမ်းက အသားကင်ဆိုင်နားမှာ ဗုံးတစ်လုံး စကွဲတယ်။ မကြာဘူး အရပ်ဝတ်နဲ့လူနှစ်ယောက် ဆိုင်ကယ်မောင်းထွက်လာတယ်။ လက်ထဲမှာ သေနတ်တွေပါတယ်။ မီးပွိုင့်နားမှာ ဗုံးထပ်ပစ်ချခဲ့လို့ ထပ်ကွဲတယ်။ နောက်ဆုံးတစ်လုံးက အထက ၃ ကျောင်းရှေ့မှာ ကွဲတယ်။ ဗုံးခွဲတဲ့ကောင်တွေက ဘယ်ကောင်တွေဆိုတာ ပြောဖို့တောင်မလိုဘူး။ PDF က ဒါမျိုးမလုပ်ဘူး” လို့ ပြောပါတယ်။
တက္ကသိုလ်လမ်း အသားကင်ဆိုင်အနီး အရပ်ဝတ်လူနှစ်ဦးက ဆိုင်ကယ်ပေါ်ကနေဗုံးနဲ့ ပစ်ချခဲ့တာကို အရပ်သားပြည်သူတစ်ဦးက ခြေထောက်နဲ့ပြေးကန်အထုတ်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ခြေထောက်မှာ ထိမှန်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ကယ်၊ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးတာတွေ၊ မြို့တွင်းနဲ့မြို့ပြင် လုံခြုံရေးယာဉ်တန်းနဲ့ လှည့်လည်သွားလာပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
ဒီဇင်ဘာ ၄ ရက် ညနေ ၆ နာရီလောက်ကလည်း အထက ၃ ကျောင်းရှေ့မှာ ကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်တွေရှိနေတဲ့ကြားက ဗုံးတစ်လုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိဘူးလို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။