ရန်ကုန်တိုင်းအတွင်း ဒီဇင်ဘာ ၅ ရက်ကစပြီး စစ်ကောင်စီတပ်စွဲရာ နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် ၆ ယောက် သေဆုံးပြီး ၇ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၅ ရက်ညက ရန်ကုန်မြို့တွင်း မြို့နယ် ၄ မြို့နယ်က စစ်ကောင်စီတပ်တွေ တပ်စွဲရာနေရာ ၆ နေရာကို စစ်ရေးအရ အရေးယူဆောင်ရွက်ခဲ့ရာ ခရမ်းမြို့နယ်မှာ စစ်ကောင်စီ တပ်သား ၃ ယောက် သေဆုံး၊ ၇ ယောက်က ဒဏ်ရာ အပြင်းအထန်ရခဲ့ပြီး ကျန်ဖြစ်စဉ်တွေရဲ့ ထိခိုက်သေဆုံးတာကို ဆက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၆ ရက်နေည ကလည်း “ပျံလွှားအောင်” စစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ကော့မှူးမြို့နယ်၊ ဝါးဘလောက်သောက် ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ရဲသားနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သား ၃ ယောက် သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ ခရမ်းမြို့နယ်၊ သက္ကလဘက်အထွက်မှာရှိတဲ့ အကြမ်းဖက် ရဲသားနဲ့ စစ်သားတွေ ပူးပေါင်း တပ်စွဲထားတဲ့ သစ်တောဂိတ်ကို မနေ့ည ၈ နာရီလောက်က ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတာတွေရှိပေမဲ့ အသေးစိတ်ကို စုံစမ်းနေဆဲပဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ပြည်သူတရပ်လုံး နာကျည်းခံပြင်းနေရတာကြောင့် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေး အဖွဲ့အနေနဲ့ “ပျံလွှားအောင်” စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ဆက်လက် အရှိန်မြှင့်သွားမယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း သံပုံးတီးတာ၊ ဆန္ဒထုတ်ဖော်တာ၊ စစ်ကောင်စီရဲ့ စီးပွားရေး ထုတ်ကုန်တွေကိုမသုံးစွဲဘဲ သပိတ်မှောက်တာ စတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ပေးကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ပံ့ပိုးကူညီတာ၊ ပူးပေါင်းပါဝင်ပြီး ဆက်လက် အားပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။