နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက တရားစွဲဆိုပြီး ထောင်ဒဏ်စီရင်ချက်ချမှတ်ခဲ့တဲ့အမှုဟာ မှန်ကန်မျှတမှုမရှိဘူးလို့ ဥပဒေ ကျွမ်းကျင်သူ ရှေ့နေတွေက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီ လက်အောက်ခံ ဇမ္ဗူသီရိတရားရုံးက ဒီဇင်ဘာ ၆ ရက်မနက်မှာ ပုဒ်မ ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅ အတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် စီချမှတ်ခဲ့တာဖြစ်ပါတယ်။
ခုလိုအမိန့်ချပြီး နာရီပိုင်းအတွင်းမှာဘဲ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၄ နှစ်ထဲက ၂ နှစ်ကို လွတ်ငြိမ်းသက်သာ လျော့ပေးလိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
ဒီလိုအမိန့်ချမှတ်ပြီး ပြစ်ဒဏ်လျှော့ပေးတာနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သူတို့စွဲတဲ့အမှုတွေဟာ အစကတည်းက ပြစ်မှုမမြောက်သလို အမှုလျော့ပေးတာနဲ့ပတ်သက်လို့လည်း အာဏာသိမ်းသူဖြစ်တာကြောင့် လုပ်ပိုင်ခွင့်မရှိဘူး ပြောပါတယ်။
“ဥပဒေ ရှုဒေါင့်အရ ဘယ်လိုမြင်လဲဆိုတော့ ဒီအမှုတွေက အစကတည်းက ပြစ်မှုမမြောက်ဘူးလေ။ ရာဇဝတ်မှု မမြောက်ဘူးပေါ့။ ဘာလို့ မမြောက်လဲဆိုတဲ့အခါကျတော့ သူတို့အဖမ်းခံရပြီးတဲ့နောက်မှာ ထုတ်တဲ့ကြေညာချက်နဲ့ပတ်သက်လို့ တာဝန်ရှိတယ်ဆိုတာ၊ နောက်သဘာဝဘေး အန္တရာယ်ဆိုတာ အဲဒီဟာတွေဟာ နိုင်ငံတော် အကြီးအကဲတွေက သူ့ရဲ့လုပ်ပိုင်ခွင့်ဘောင်အတွင်းကနေပြီး သူက လုပ်ခဲ့တာပဲ။ သူတို့ဥပဒေကို ထိပ်ဆုံးကလူတွေပဲ ဥပဒေ လေးစားတာပေါ့။ သူတို့ ထိပ်ဆုံးကလူတွေ ဥပဒေမလေးစားဘူးဆိုရင် အဲဒီစစ်တပ်လူတွေကိုဘာသွားပြောမလဲ၊ မင်းအောင်လှိုင်ကို ဘာသွားပြောမလဲ။ အဲဒါကြောင့် အဲဒီဟာတွေက အကျိုးအကြောင်းမရှိတဲ့ ဥပဒေနဲ့ အညီပြုလုပ်ခဲ့တာမဟုတ်ဘူးလို့ နံပါတ် ၁ အနေနဲ့ ပြောချင်တယ်။ ၂ အချက်အနေနဲ့ ဒီလျှော့ပေါ့တယ်၊ ဘာညာဆိုတာ သူ့မှာ လုပ်ပိုင်ခွင့်မှ မရှိတာ။ သူက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူ့ကို စနစ်တကျ သမ္မတအာဏာလွှဲထားတာမဟုတ်ဘူး။ အာဏာသိမ်းထားတာ။ အာဏာသိမ်းထားတဲ့သူက လျှော့တယ်ပေါ့တယ်ဆိုတာ ဒါတွေက ဥပဒေငြိစွန်းတဲ့ဟာတွေ ဖြစ်နေတယ်။ ဒါကြောင့်ဆရာတို့က ဒါတွေကို အသိအမှတ်မပြုပါဘူးနော်။ ”
ရန်ကုန်မှာ LAW FIRM ဖွင့်ထားတဲ့ အထက်တန်းရှေ့နေ ဒေါက်တာဦးဖိုးဖြူကလည်း နိုင်ငံ့ခေါင်းဆောင်တွေကို စွဲဆိုထားတဲ့အမှုတွေဟာ မှန်ကန် မျှတမှုမရှိဘူးလို့ ပြောပါတယ်။
“လုပ်ငန်းတာဝန်ဝတ္တရားဆောင်ရွက်တဲ့အပေါ်မှာအခုလို တရားစွဲဆိုပြီးတော့ အမိန့်တွေ ချမှတ်လိုက် တာလည်း တရားမျှတမှုကင်းမဲ့တယ်လို့ ကျနော် ဥပဒေ ရှုထောင့်က မြင်မိပါတယ်။ နောက်ပြီး မှန်ကန်မှုလည်း မရှိဘူး မျှတမှုလည်းမရှိဘူးလို့ ပဲ မြင်ပါတယ်ခင်ဗျာ။ ”
စစ်ကောင်စီက အခုလို နိုင်ငံခေါင်းဆောင်တွေကို ထောင်ဒဏ်တွေချလိုက်တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက် ရှုတ်ချထားကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိအမှုတွေအပါအဝင် အမှု ၁၂ မှုနဲ့ တရားစွဲထားတာဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကလည်း နိုဝင်ဘာ ၁၅ ရက်နေ့က ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုနဲ့ အမှုထပ်စွဲထားတဲ့အတွက် ရင်ဆိုင်ရမယ့်အမှု ပိုများလာဖို့ ရှိနေပါတယ်။