Home
မြန်မာသတင်း
ကြည့်မြင်တိုင် အကြမ်းဖက်မှု ကုလအတွင်းရေးမှူးချုပ် ရှုတ်ချ
DVB
·
December 7, 2021

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ   စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး  လက်နက်မဲ့ အရပ်သားတွေကို ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ခဲ့တဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အပြင်းထန်ဆုံး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကို လုံးဝလက်မခံနိုင်ဘူးလို့လည်းဆိုပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာဟာ အခြေခံလူ့အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့  ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ကို ချိုးဖောက်ပြီး  လုံခြုံရေးကောင်စီရဲ့ တွေ့ဆုံဆွေးနွေးဖို့   တောင်းဆိုချက်တွေကို ပြတ်ပြတ်သားသား ဖီဆန်နေတာဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ စတီဖင်ဒူဂျာရစ်က တနင်္လာနေ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အရပ်သားတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်ပြီး ကျူးလွန်သူတွေကို အရေးယူ အပြစ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်၊ ဖိနှိပ်မှုတွေကို ရှောင်ကြဉ်ပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ဖို့လည်း ကုလသမဂ္ဂက ထပ်ပြီး ပြောဆိုထားပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့နဲ့  မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့လဲ  ကုလသမဂ္ဂထပ်မံတောင်းဆိုခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း(တောင်/ အနောက်)ရပ်ကွက်၊ ပန်းပင်ကြီးလမ်းမပေါ်မှာ ဒီဇင်ဘာ ၅ ရက်မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေကို စစ်ကားတစီးက   အနောက်ကနေ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်၊ သေနတ်နဲ့  ပစ်ခတ်အကြမ်းဖက်ခဲ့တာဖြစ်ပါတယ်။ 

စစ်ကောင်စီကဘက်ကတော့ ကြည့်မြင်တိုင်ဖြစ်စဉ်မှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အမျိုးသား ၂ ဦးက မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာစိုးရိမ်ရတာကြောင့်စစ်ဆေးရုံမှာ ကုသပေးထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Photo Credit- UN

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024