ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်တပ်က ကားနဲ့ဝင်တိုက် သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့လုပ်ရပ်ဟာ လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံရုံးက ညှိနှိုင်းဆောင်ရွက်ရေးမှူး ရာမနသန်ဘလာကရီရှနန်က ဒီဇင်ဘာ ၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြောပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပြီး လက်နက်မဲ့ ပြည်သူတွေအပေါ် အခုလိုအကြမ်းဖက်တဲ့သူတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ကျယ်ကျယ်ပြန့်ပြန့် ရက်စက်စွာ အကြမ်းဖက်နေမှုတွေဟာ မြန်မာနိုင်ငံရဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် အရေးတကြီး လိုအပ်နေတဲ့အကြောင်း မီးမောင်းထိုးပြနေပါတယ်။
ရန်ကုန်မှာ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ် ကားနဲ့တိုက်လို့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေ သေဆုံးရတဲ့ သတင်းကြောင့် ထိတ်လန့်တုန်လှုပ်မိကြောင်းနဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ မြန်မာပြည်သူတို့ရဲ့ အခွင့်အရေးကို ထောက်ခံအားပေးကြောင်း အမေရိကန် သံရုံးကလည်း ထုတ်ပြန်ပါတယ်။
လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် လိုလားတောင့်တနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ မိမိတို့ အတူတကွရပ်တည်နေပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ပြည်သူဆန္ဒကို လေးစားတန်ဖိုးထားဖို့ စစ်အာဏာရှင်ကို တောင်းဆိုတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အလားတူ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးကလည်း ရန်ကုန်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်နေသူတွေကို ကားနဲ့တိုက်၊ သေနတ်ပစ်ဖောက်ကာ သတ်ဖြတ်မှုကို ကြားသိရတဲ့အတွက် အလွန်ပင် တုန်လှုပ်မိတယ်လို့ပြောကြားတဲ့ အကြောင်း ဒိန်းမတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဒိန်းမတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ကို အားပေး ထောက်ခံကြောင်း မတရားသဖြင့် ထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
ဒီကနေ့ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာမှာတော့ ကြည့်မြင်တိုင်ဖြစ်စဉ်မှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အမျိုးသား ၂ ဦးက မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာစိုးရိမ်ရတာကြောင့် တပ်မတော်ဆေးရုံမှာ ကုသပေးထားတယ်လို့ ဖော်ပြထားပါတယ်။