ရန်ကုန်၊ ကြည့်မြင်တိုင်မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က ကားနဲ့ဝင်တိုက် ၊ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံတကာ ရာဇဝတ်မှုဖြစ်ရုံသာမက ကမ္ဘာကို သက်သေထင်ရှား ပြသလိုက်တဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူ တွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေက ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ကားနဲ့အရှိန်နဲ့ ဝင်တိုက်တယ်။ ပစ်ခတ်မှုတွေလည်း ဖြစ်တယ်ဆိုတာ ဒါ လူ့အခွင့်အရေးချိုးဖောက်ရုံတွေ မဟုတ်ဘူး။ ဒါ အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်။ စစ်ကောင်စီက ပြောပြောနေတဲ့ စွပ်စွဲနေတဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ သူတို့ကိုယ်တိုင် လုပ်တယ်ဆိုတာ ကမ္ဘာကိုလည်း သက်သေထင်ရှား ပြလိုက်တဲ့ဖြစ်ရပ်ပဲလို့ ကျနော်ကတော့ ဒီလိုပဲ မှတ်ချက်ချပါတယ်ဗျာ”လို့ ပြောပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက ကြည့်မြင်တိုင်ဖြစ်စဉ်ဟာ နိုင်ငံတကာ ရာဇဝတ်မှုမြောက်ပြီး ကျူးလွန်မှုအတွက် ထိထိရောက်ရောက် အရေးယူစေချင်တယ်လို့ ပြောပါတယ်။
“ကြည့်မြင်တိုင် ဆန္ဒပြမှုရဲ့ ဖြစ်ပျက်မှုတွေက တကယ်ကို လူသားမဆန်တဲ့ လုပ်ရပ်တွေ လုပ်တယ်။ ကျမတို့ ခေါ်တဲ့ အကြမ်းဖက်သမားတွေရဲ့ အလုပ်ဖြစ်တယ်ပေါ့နော်။ ဒီလိုမျိုး အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို ကျမတို့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရသလို ဒါ နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ နိုင်ငံတကာဥပဒေကို ကျူးလွန်တာဖြစ်တဲ့အတွက်ကြောင့် ဒီသက်သေအထောက်အထားတွေကို နိုင်ငံတကာက မြင်စေချင်တယ်။ ဒါဟာတွေ ရာဇဝတ်မှု ကျူးလွန်ပါတယ်လို့လည်း လက်ခံစေချင်တယ်။ ပြီးလို့ရှိရင် ထိထိရောက်ရောက် နိုင်ငံတကာအနေနဲ့ အရေးယူမှုတွေလည်း လုပ်စေချင်ပါတယ်။ ”
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ကလည်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကိုကားနဲ့ ဝင်တိုက်ခိုက်ပြီး တိုက်ပွဲဝင်လက်နက်တွေနဲ့ လူမဆန်စွာ ပစ်ခတ်ဖြိုခွင်းတာဟာ လူ့အခွင့်အရေးကြေငြာစာတမ်းနဲ့ ဆန့်ကျင်နေတဲ့အပြင် ကိုယ်တိုင်ရေးဆွဲနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို စစ်မြေပြင်မှာ ရန်သူကို ဖြိုခွင်းသလို ပြုမူနေတာဟာ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေတယ်ဆိုတဲ့ ဘယ်လို စံနှုန်းစံတန်းဖိုးနဲ့မှ လုံးဝ ကိုက်ညီမှု မရှိတဲ့အတွက် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့လည်း UNA ကထုတ်ပြန်ထားပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူတွေကို ကားနဲ့တိုက်ပြီး အကြမ်းဖက် ဖမ်းဆီး၊ သတ်ဖြတ်မှုဟာ အကျည်းတန်တဲ့ စက်ဆုပ်ဖွယ်ဖြစ်ရပ်ဖြစ်ပြီး ဖက်ဆစ်စစ်တပ်ရဲ့ လက်နက်ကိုင် အနိုင်ကျင့်လိုတဲ့ ဖုံးဖိမရတဲ့ အမူအကျင့်၊ အပြစ်မဲ့ ပြည်သူမှန်သမျှကို ကြိုက်သလို သတ်ဖြတ်နိုင်တယ်လို့ ခံယူထားတဲ့ စစ်တပ်ရဲ့ အင်မတန်နိမ့်ကျ၊ လူ့ကျင့်ဝတ်မဲ့မှုရဲ့ ပြယုဂ်တစ်ခုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ သတ္တိကြောင်ပြီး ယုတ်မာရိုင်းစိုင်းတဲ့ ပြစ်မှုမျိုးကို အရင်ကလည်း ကျူးလွန်ခဲ့ပြီး အခုတကြိမ် ငြိမ်းချမ်းစွာ ဆန္ဒပြတွေကို ကားနဲ့တိုက် သတ်ဖြတ်၊ ဖမ်းဆီးတာဟာ ငြိမ်းချမ်းစွာ စုဝေး စီတန်းလှည့်လည်ခွင့်ဆိုတဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ရုံသာမက အကြမ်းဖက်လုပ်ရပ်ဖြစ်တာကြောင့် ပြင်းထန်စွာရှုတ်ချတယ်လို့လည်း NGU က ဆိုပါတယ်။
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာ မနေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က ကားတစ်စီးနဲ့ အရှိန်ပြင်းပြင်းဝင်တိုက်၊ သေနတ်နဲ့ ပစ်ခတ်အကြမ်းဖက်ခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ထုတ် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာမှာတော့ ကြည့်မြင်တိုင်ဖြစ်စဉ်မှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အမျိုးသား ၂ ဦးက မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာစိုးရိမ်ရတာကြောင့် တပ်မတော်ဆေးရုံမှာ ကုသပေးထားတယ်လို့ ဖော်ပြထားပါတယ်။