စစ်ကိုင်းတိုင်း ကလေးမြို့လေဆိပ်ကို ဒီဇင်ဘာ ၆ ရက်ကစပြီး ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။
လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက "အခု ကလေးမြို့လေယာဉ်ခရီးစဉ်တွေ အကုန်ပိတ်လိုက်တယ်။ မနေ့က စာဝင်လာတယ်။ ဘာကြောင့်ပိတ်တယ်ဆိုတာ မသိရဘူး။ အခု လေယာဉ်မှတ်ရောင်းထားတဲ့ငွေ ပြန်ပေးရမယ်” လို့ ပြောပါတယ်။
ကလေး - မန္တလေး၊ ကလေး - ရန်ကုန်ခရီးစဉ်တွေကို နိုဝင်ဘာလကစပြီး မြန်မာအမျိုးသား လေကြောင်းလိုင်းက ပြေးဆွဲနေပြီး မုံရွာ - ကလေး ခရီးအသစ်ကို ဒီဇင်ဘာ ၆ ရက်မှာ ပြေးဆွဲမယ်လို့ ကြေညာထားတာပါ။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကလေးမြို့နယ်တော့ ကလေး PDF တွေနဲ့ စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ပွဲဖြစ်နေပြီး နိုဝင်ဘာ ၁၇ ရက်ကလည်း ကလေးလေဆိပ်နားမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။