Home
ဆောင်းပါး
တရုတ်တို့ လေ့လာတဲ့ ပြင်သစ်တော်လှန်ရေး
DVB
·
December 5, 2021

၁၉၇၂ မှာ အမေရိကန်သမ္မတရစ်ချဒ်နစ်ဆင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ကစ်ဆင်ဂျားတို့ ပေကျင်းမြို့ကို သမိုင်းဝင်ခရီးသွားရောက်ပြီး၊ ဥက္ကဋ္ဌကြီးမော်စီတုန်း၊ ဝန်ကြီးချုပ်ချူအင်လိုင်းတို့နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး၊ နိုင်ငံတကာအရေးတွေ ရင်းရင်းနှီးနှီး ဆွေးနွေးကြပါတယ်။ စကားစမြည်ပြောကြရင်း ကစ်ဆင်ဂျားက ၁၇၈၉ မှာ စခဲ့တဲ့ ပြင်သစ်တော်လှန်ရေးကို တရုတ်တို့ ဘယ်လို သင်ခန်းစာယူနိုင်မလဲလို့ ရုတ်တရက် မေးပါတယ်။ ပြင်သစ်မှာလည်း နေခဲ့ဖူး၊ ဟာသဉာဏ်လည်းရှိတဲ့ ချူအင်လိုင်းက “ဒီကိစ္စကို ပြောဖို့ စောပါသေးတယ်” လို့ ဖြေလိုက်တဲ့အတွက် အားလုံး ရယ်မောပွဲကျသွားတယ်။ ၁၈ ရာစုအတွင်းဖြစ်ခဲ့တဲ့ ကြီးကျယ်တဲ့ တော်လှန်ရေးကြီးအကြောင်း အခုပြောဖို့ စောနေသေးသလားပေါ့။ 

ပြင်သစ်တော်လှန်ရေးနဲ့ပတ်သက်ရင် အရေးကြီးတဲ့ စာအုပ်နှစ်အုပ်ရှိပါတယ်။ တစ်အုပ်က တော်လှန်ရေးစပြီး ၁၈ လအကြာမှာ Edmund Burke ရေးတဲ့ ‘Reflections on the Revolution in France’ ဖြစ်ပြီး အင်္ဂလန် Glorious Revolution (1688) နဲ့ နှိုင်းယှဉ်သုံးသပ်ရေးထားတာ။ နောက်တအုပ်က ၁၈၅၆ မှာ ပြင်သစ်နိုင်ငံရေးသုခမိန် Alexis de Tocqueville  ရေးတဲ့  ‘The Old Regime and the Revolution’  စာအုပ်ပါ။ အနောက်တိုင်း နိုင်ငံရေးဒဿနနယ်မှာ ဩဇာကြီးတဲ့ အဲဒီနှစ်အုပ်လုံးကို တရုတ်မှာ ဘာသာပြန်ထားပါတယ်။ 

၂၀၁၂ မှာတော့ ပြင်သစ်တော်လှန်ရေးက တရုတ်ကွန်မြူနစ်ပါတီနဲ့ ပတ်သက်လာတယ်။ အဲဒီနှစ် (၁၈) ကြိမ်မြောက် ပါတီညီလာခံမှာ ပါတီခေါင်းဆောင်ပိုင်းက ဒုတိယစာအုပ် ‘အလက်ဇီ ဒီ တော့ခ်ဗီး’ ရေးထားတာကို ပါတီကေဒါတိုင်း မဖတ်မနေရအဖြစ် ဖတ်ခိုင်းပါတယ်။ ရည်ရွယ်ချက်က ပြင်သစ်တော်လှန်ရေးကနေ သင်ခန်းစာထုတ်ယူခိုင်းတာပါ။ အဓိကနှိုးဆော်တိုက်တွန်းသူက သမ္မတရှီကျင့်ဖျင်ရဲ့ ညာလက်ရုံး လက်ရှိဒုသမ္မတ ဝမ်ချီဆန်း ဖြစ်ပါတယ်။ သူက ရှီရဲ့ ပထမ ငါးနှစ်သက်တမ်းအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ ဖြုတ်ထုတ်သတ် အ‌တော့်ကို လက်စွမ်းပြခဲ့သူပါ။ 

တော့ခ်ဗီးရဲ့စာအုပ် လိုရင်းအချုပ်က ၁၈ ရာစု ပြင်သစ်ရဲ့ လူမှုရေး စီးပွားရေး မညီမျှမှုတွေက တိုင်းပြည်အုပ်ချုပ်ရေးကို ခက်ခဲစေသလို၊ ဆင်းရဲတွင်းနက်နေတဲ့ အောက်ခြေပြည်သူတွေရဲ့ အာဏာရှိသူတွေအပေါ်မကျေနပ်မှု တနေ့ထက်တနေ့ မြင့်မားလာတယ်။ ဒီနောက် လူထုတော်လှန်ရေးက သက်ဦးဆံပိုင်ဘုရင်နဲ့ မြေရှင်တွေရဲ့ ဦးခေါင်းတွေကို ဓားစက်အောက်  သွင်းပြီး ပြဿနာပေါင်းစုံကြားနေ ဥရောပရဲ့ခေတ်သစ်ဒီမိုကရေစီ စတင်ခဲ့တဲ့အကြောင်းပါ။ ဒါကို တရုတ်တို့က ဘာကြောင့် လေ့လာတာလဲ။ 

ပြင်သစ်တော်လှန်ရေး

ပြင်သစ်တော်လှန်ရေးဖြစ်ရပ်ကို ကြည့်ရင် လူဝီဘုရင်-၁၆ နဲ့ မင်းဆွေမင်းမျိုးတသိုက် သုံးဖြုန်းပျော်ပါး၊  နိုင်ငံကြွေးမြီနစ် ဒေဝါလီခံရမယ့် အခြေအနေဆိုက်၊ အခွန်စည်းကြပ်မှု မတရား၊ ခြစားမှုများ၊ လူထုက ဒေါသထကြွ။ ရှေ့မှာဖြစ်ခဲ့တဲ့ အမေရိကန်တော်လှန်ရေးရဲ့ ‘ဘုရားသခင်သည် လူတိုင်းကို အညီအမျှ ဖန်ဆင်းထားသည်’ ဆိုတဲ့ ကြွေးကြော်သံက ပြင်သစ်လူ့အဖွဲ့အစည်းအပေါ် ဂယက်ရိုက်။ ဗောလ်တဲယားတို့ရဲ့ မညီမျှမှု မီးမောင်းထိုးပြတဲ့ စာပေတွေက လူထုအပေါ် ဩဇာသက်ရောက်။ လူမှုအပြောင်းအလဲဖြစ်ဖို့ လက်ရှိ အုပ်ချုပ်သူတွေကို ရှင်းပစ်မှရမယ်လို့ ပိုမိုယုံကြည်နေကြချိန်ပါ။ 

ကြံရာမရဖြစ်နေတဲ့ လူဝီက အကူညီရလို့ရငြား နှစ်‌ပေါင်း ၁၈၀ လောက် အစည်းအဝေးမခေါ် ချောင်ထိုးထားခံရတဲ့ the Estates General လွှတ်တော်ကို ပြန်အသက်သွင်းလိုက်တယ်။ ‘ဘုန်းကြီး၊ မှူးမတ်မြေရှင်၊ လူထုကိုယ်စားလှယ်ဘူဇွာ’ တို့နဲ့ ဖွဲ့ထားတဲ့ အဲဒီလွှတ်တော်ဟာ အကူညီမရတဲ့အပြင် ဘယ်အဖွဲ့က မဲပိုရသင့်တယ်ဆိုတဲ့ အကွဲအပြဲတွေ ဖြစ်လာပြီး ပြဿနာပိုကြီးသွားတယ်။ 

လွှတ်တော်တွင်း ရှုပ်ထွေးနေချိန်မှာ လူဝီက သူ့ကိုယ်သူ စိတ်မချလို့ နယ်စုံက စစ်တပ်တွေခေါ်ပြီး နန်းတော်တဝိုက် အစောင့်ချထားတယ်။ စစ်တပ်တွေ ရောက်လာတော့ လူထုက ရုတ်ရုတ်သဲသဲဖြစ်၊ ပါရီမြို့သားတွေက လက်နက်ကိုင်စွဲ ဘာစတီးခံတပ်ကို ၁၇၈၉ ဇူလိုင် ၁၄ မှာ ဝင်ရောက်စီးတာ အောင်မြင်သွားတယ်။ မတရားအချုပ်အနှောင်ခံထားရသူတွေ လွတ်လာတယ်။ နယ်ပေါင်းစုံမှာ  လက်နက်စွဲကိုင်တော်လှန်မှုတွေ ဆက်ဖြစ်ပြီး၊ မှူးမတ်တွေ မြေရှင်တွေရဲ့ အိမ်တွေ ရဲတိုက်တွေကို ဝင်စီးသတ်ဖြတ်ရင်း နိုင်ငံတဝန်း  ကြီးမားတဲ့အရေးတော်ပုံကြီး စဖြစ်လာခဲ့ပါတယ်။ 

ဒီအချိန်မှာ ‘လူမှုပဋိညာဉ်’ စာအုပ်ရေးထားတဲ့ ‘ရူဆိုး’ရဲ့ အယူအဆက တော်လှန်ရေးအဘိဓမ္မာ ဖြစ်လာတယ်။ “လူဟာ လွတ်လပ်စွာ  မွေးဖွားလာတာ ဖြစ်တယ်၊ ဒါပေမဲ့ အခုတော့ နေရာတိုင်းမှာ သံခြေချင်း တုပ်နှောင်ခံထားရတယ်။ နိုင်ငံတည်ရှိမှုအတွက် တရားဝင်မှု လိုအပ်တယ်။ အဲဒီ နိုင်ငံတရားဝင်မှုကို အဓိကမောင်းနှင်စေမယ့်အရာက နိုင်ငံသားတွေရဲ့ဆန္ဒ (General Will) သာ ဖြစ်တယ်” လို့ ရူးဆိုးက ဆိုတယ်။ နောက် ‘လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သွေးသားရင်းစိတ်ရှိမှု’ တို့က တော်လှန်ရေးရဲ့ အဓိကဆောင်ပုဒ်ဖြစ်လာတယ်။ 

၁၇၉၁ မှာ တိုင်းပြုပြည်ပြုလွှတ်တော်က ပြင်သစ်အခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းလိုက်တယ်။ အဲဒီဥပဒေသစ်မှာ လူ့အခွင့်အရေးတွေလည်းပါ၊ လူတိုင်း ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်လည်းပါ၊ အချုပ်အခြာအာဏာ ပြည်သူ့လက်ဝယ်ရှိရမည် ဆိုတာလည်းပါ၊ ဘုရင့်အာဏာကို ကန့်သတ်၊ အာဏာသုံးရပ်ခွဲဝေ၊ ဘုန်းကြီးနဲ့မူးမတ်တွေရဲ့ ဘွဲ့နဲ့အခွင့်ထူးခံတွေ ပယ်ဖျက်၊ အများနည်းတူ အခွန်ပေးဆောင်ရမယ်၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း မရှိစေရ စတဲ့ လိုလားချက်တွေ အားလုံး ပါဝင်လာတယ်။ အဆောင်အယောင်တွေနဲ့ ကိန်းခန်းကြီးတဲ့ ဘာသာရေးအဖွဲ့တွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင် လုပ်လိုက်ကြတယ်။ ဘုရင်က အခြေခံဥပဒေကို သဘောတူ လက်ခံလိုက်ရတယ်။ 

တော်လှန်ရေးက ထွက်ပေါ်လာတဲ့ ပါတီသုံးခုမှာ တစ်ခုက အဲဒီစည်းမျဉ်းခံဘုရင်စနစ်ပုံစံနဲ့ သွားဖို့ သဘောတူတယ်။ ဘုရင်နဲ့ အတိုက်အခံတို့ကြား ညှိနှိုင်းသွားလိုတဲ့ပုံစံဖြစ်လို့ ပညာရှင်တချို့က ချီးကျူးတယ်။ သက်ဦးဆံပိုင်ဘုရင်စနစ်ကို လုံးဝဖြိုချလိုတဲ့ ဂျက်ကိုဗင်ဂိုဏ်းကတော့  သမ္မတနိုင်ငံအဖြစ်ပဲ ပြတ်ပြတ်သားသား ထူထောင်လိုတယ်။ ဒီနောက် ဂျက်ကိုဘင်အုပ်စုက အခြေခံဥပဒေပယ်ချမှု အနိုင်ရပြီး၊ ၁၇၉၂ မှာ ပြင်သစ်သမ္မတနိုင်ငံ ဦးဆောင်ကြေညာနိုင်ခဲ့တယ်။ ဥရောပမှာ ခေတ်သစ်ဒီမိုကရေစီ ပထမဆုံး ပေါ်ထွက်လာခြင်းပါ။ ၁၇၉၃ ဇန်နဝါရီမှာတော့ လူဝီဘုရင်နဲ့ မိဘုရားကို တော်လှန်ရေးခုံရုံးတင် ခေါင်းဖြတ်စက်နဲ့ ကွပ်မျက်လိုက်ပါတယ်။ 

တကယ့်ပြဿနာက အဲဒီမှာ စပါတယ်။ ပြင်သစ်သမ္မတအစိုးရသစ်မှာ အတွင်းနဲ့အပြင် ရန်သူတွေ ပတ်ချာဝိုင်းနေတယ်။ ပြင်သစ်အပြောင်းအလဲတွေအပေါ် တခြားဥပရောပနိုင်ငံတွေက စောင့်ကြည့်နေပြီး၊ တော်လှန်ရေးထောက်ခံတဲ့အုပ်စုနဲ့ ဘုရင်စနစ် ကာကွယ်လိုတဲ့အုပ်စု နှစ်ဘက် ဖြစ်နေတယ်။ တော်လှန်ရေးကို ထောက်ခံတဲ့ တခြားဥပရောပအုပ်စုတွေ ပဒေသရာဇ်စနစ်ကို ကျူပင်ခုတ်ကျူငုတ်မကျန် သုတ်သင်ပစ်တဲ့ ဂျက်ကိုဗင်ဂိုဏ်းသားတွေကို အားကျနေတယ်။ တချို့ ပညာတတ်တွေ အပါအဝင် သူတို့နိုင်ငံတွေကနေ ပါရီကို အသော့နှင်ပြီး တော်လှန်ရေးထဲ ခါတော်မှီ ဝင်နွှဲလိုက်သေးတယ်။

တဘက်က ဘုရင်စနစ်ကို ထောက်ခံတဲ့ အင်္ဂလန်၊ စပိန်၊ ဟော်လန်၊ ဆာဒီးနီးယား၊ ဩစတြီးယား၊ ပရပ်ရှားတို့က ပြင်သစ်ကို တိုက်ခိုက်လာတယ်။ ပြင်သစ်အစိုးရက လာသမျှ စစ်တပ်တွေကို ပြန်တိုက်တယ်။ အမျိုးသားရေးစိတ်နဲ့ စစ်မှုထမ်းလာတဲ့ လူငယ်လူရွယ်အများအပြား အကူညီနဲ့ ပြင်သစ်အစိုးရသစ်က နိုင်ငံခြားတပ်တွေကို ကာကွယ်နိုင်တဲ့အပြင် ဘယ်လ်ဂျီယံနိုင်ငံကိုပါ ဝင်တိုက်ခိုက်နိုင်ခဲ့တယ်။ 

ဒီနောက်  သမ္မတအစိုးရအတွင်းမှာ နှစ်ဂိုဏ်းကွဲ အချင်းချင်းသတ်ပွဲတွေ ဆက်လာတယ်။ ဂျက်ကိုဗင်ဂိုဏ်းကလည်း အာဏာရှင်ဆန်လာပြီး အရင်ဩဇာကြီးခဲ့တဲ့ နယ်စားတွေကိုသတ်၊  ဘုရင့်လူတွေကိုသတ်၊ မသင်္ကာသူတိုင်းကိုသတ်၊ သတင်းပေးကုန်းချောလာရင် ချက်ချင်းယုံ ချက်ချင်းသတ်ဖြတ်နဲ့  ၄၅ ရက်အတွင်း အုပ်ချုပ်ရေးပိုင်းက လူ ၁၄၀၀ ကျော်ကို ခေါင်းဖြတ်သတ်လိုက်တယ်။ ၁၇၉၃ နဲ့ ၁၇၉၄ ကို သမိုင်းဆရာတွေက ရက်စက်စွာ စိုးမိုးမှုကာလ (the Reign of Terror) လို့ ခေါ်ဝေါ်ပြီး တန်ပြန်တော်လှန်ရေးအတွက် လူပေါင်း ၄၀၀၀၀ ခန့် သတ်ဖြတ်ခဲ့တယ်လို့ ခန့်မှန်းကြတယ်။ 

သွေးချောင်းစီးစေခဲ့တဲ့ ဂျာကိုဗင်ဂိုဏ်းခေါင်းဆောင်နှစ်ဦးကို ၁၇၉၄ မှာ တန်ပြန်တော်လှန်ကြပြီး ခေါင်းဖြတ်စက်ထဲ ထည့်လိုက်ပါတယ်။ သူတို့ဂိုဏ်းလည်း အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားပြီး ပြည်တွင်းသတ်ဖြတ်မှု တစခန်းရပ်သွားခဲ့တယ်။ 

အဲဒီနောက် ငါးဦးခေါင်းဆောင်တဲ့ အစိုးရအဖွဲ့တက်လာပြီး စစ်တပ်ကို တင်းတင်းရင်းရင်း အုပ်ချုပ်လာတယ်။ အဲဒီ ငါးဦးအစိုးရကလည်း ခြစားလွန်းတာကြောင့်  လူထုက စိတ်ပျက်လာပြန်တယ်။ ပြင်သစ်နိုင်ငံ အထီးကျန် အားကုန်နေချိန်၊ ငါးဦးအဖွဲ့ မညီမညွတ်ဖြစ်နေချိန် ၁၇၉၉ မှာ နိုင်ငံရေးချက်ကောင်းစောင့်နေတဲ့ ကြောင်ပါး ဗိုလ်မှူးလေးနပိုလီယံဟာ စစ်မြေပြင်ကနေ ပါရီကို ပြန်လာပြီး ငါးဦးအစိုးရကို ဖြုတ်ချ၊ အာဏာသိမ်းလိုက်ပြန်တယ်။ နိုင်ငံရေးပါတီတွေရဲ့ အာဏာလုပွဲကို ငြီးငွေ့နေတဲ့လူထုက နပိုလီယံကို ဝမ်းသာအားရ ထောက်ခံကြပြီး၊ အာဏာရှင် နပိုလီယံအောက် တစ်ခေတ်ရောက်သွားပြန်ပါတယ်။ 

တော်လှန်ရေး ကောင်းမွေ ဆိုးမွေ

ဆယ်စုနှစ်ကာလတစ်ခုအတွင်းမှာ  ပြင်သစ်ဟာ သက်ဦးဆံပိုင်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းခဲ့ပြီး၊ စစ်ပွဲတွေ မင်းမဲ့အခြေအနေတွေ ကြုံတွေ့ရပြီး စစ်အာဏာရှင်စနစ်ဆီ ပြန်ရောက်သွားခဲ့တယ်။ တကယ်တော့ ဒါဟာ ပြင်သစ်ပြည်သူတွေ မျှော်လင့်ခဲ့တဲ့အရာ မဟုတ်ပါဘူး။ သို့သော် ဘယ်သို့ဖြစ်စေ ပြင်သစ်ဒီမိုကရေစီဟာ မြန်မြန်ဆန်ဆန် ပြိုကျသွားပေမဲ့ ရေရှည်ခံတဲ့ ကောင်းမွေအချို့ ချန်ထားနိုင်ခဲ့တယ်။ အဓိကက သားစဉ်မြေးဆက်သက်ဦးဆံပိုင်စနစ် ဘယ်တော့မှ ပြန်မလာအောင် ဖြိုချနိုင်ခဲ့ခြင်းပါ။ မကောင်းတဲ့စနစ်နဲ့ လူမှုအဆောက်အအုံ အတော်များများကို တော်လှန်ရေးက ဖြိုချပြောင်းလဲပစ်နိုင်ခဲ့တယ်။ ၁၈၁၄ မှာ လူဝီ (၁၈) က နပိုလီယံဆီက အာဏာယူခဲ့တာတောင်မှ လွှတ်တော်နှစ်ရပ်နဲ့ အခြေခံဥပဒေကတဆင့်   အုပ်ချုပ်မှု ရှိလာတယ်။ လူတိုင်း မဲပေးခွင့်ရှိလာပြီး၊ ဥပဒေရှေ့မှောက် တန်းတူညီမျှမှု၊ လွတ်လပ်စွာ ရေးသားခွင့်နဲ့ တခြား အရပ်ဘက်လွပ်ခွင့်တွေ ရရှိခဲ့ပါတယ်။ 

ဆိုးမွေကတော့ ပြင်သစ်လူ့အဖွဲ့အစည်းအတွင်း အုပ်စုဂိုဏ်းဂဃတွေ ကြီးကြီးမားမားရှိနေပြီး အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ ဆက်ဖြစ်နေတာပါ။ လူဝီ (၁၈) က နပိုလီယံကို တကျွန်းပို့ပြီး နန်းပြန်ယူတာကိုလည်း လူထုက မကျေနပ်လို့ ပုန်ကန်ကြတယ်။ နယ်စားလူးဝစ်ဖိလစ် အာဏာရလာတဲ့အခါမှာတော့ တကျော့ပြန်ခေါင်းထောင်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေကို နှိပ်ကွပ်ပြီး လစ်ဘရယ်အာဏာရှင် ပုံစံကျင့်သုံးတယ်။ လူလတ်တန်းစားအလွှာကိုသာ မျက်နှာသာပေးတဲ့အတွက် အောက်ခြေလူထုက သူ့ကို ပုန်ကန်ကြပြန်ပါတယ်။ အကျိုးရလဒ်က မတည်ငြိမ်မှုတွေ အကြမ်းဖက်မှုတွေ ဆက်ရှိနေတာပါ။ 

ပြင်သစ်နိုင်ငံရေးရဲ့ အပြောင်းအလဲမှန်သမျှက ကျန်ဥရောပနိုင်ငံတွေအတွက် အရေးကြီးတဲ့ အချိုးအကွေ့တွေ ဖြစ်လာစေပါတယ်။ နယ်သာလန်၊ ဆွစ်ဇာလန်၊ အီတလီ၊ စကန်ဒီနေးဗီးယားတို့အထိ လူတွေ လမ်းပေါ်ထွက် နိုင်ငံရေးအပြောင်းအလဲတွေ တောင်းဆိုလာတယ်။ ဩစတြီးယား၊ ပရပ်ရှားတို့မှာ အခြေခံဥပဒေပဒေပြောင်းလဲမှုနဲ့ လွှတ်တော်ရဲ့ အခန်းကဏ္ဍ မြင့်မားလာတယ်။ ပြင်သစ်တော်လှန်ရေးက ဥရောပရဲ့ အကြွင်းမဲ့အာဏာပိုင်စိုးမှု ခေတ်ကို ဆုံးခန်းတိုင်စေခဲ့ပါတယ်။  

ကြီးမားတဲ့သင်ခန်းစာ

သမိုင်းဝင်ပြင်သစ်တော်လှန်ရေးက ယနေ့ ဒီမိုကရေစီကူးပြောင်းဖို့ ကြိုးစားနေတဲ့နိုင်ငံတွေကို ပေးတဲ့သင်ခန်းစာကတော့ အာဏာရှင်စနစ်တွေကနေ ဒီမိုကရေစီစနစ်ကူးပြောင်းမှုဟာ လွယ်လွယ်မဟုတ်၊ အနိမ့်အမြင့် အတက်အကျတွေရှိပြီး ဇွဲရှိရှိ ကြိုးစားရတယ်ဆိုတဲ့အချက်ပါ။ ဒါဖြင့် တရုတ်ခေါင်းဆောင်တွေက ပြင်သစ်တော်လှန်ရေးကို ဘာကြောင့်လေ့လာ ကြတာလဲ။ 

ပြင်သစ်တော်လှန်ရေးဖြစ်ရတဲ့ အဓိကအကြောင်းက အာဏာကိုင်ထားသူတွေ၊  မင်းမြှောင်တွေ၊ မူးမတ်မြေရှင်တွေ၊ ဘာသာရေးခေါင်းဆောင်‌တွေ ဖောက်ပြန်ခြစားပြီး၊ လူ့အဖွဲ့အစည်းအတွင်း ဆင်းရဲချမ်းသာမညီမျှမှုချောက်ကမ်းပါး ကြီးမားလာလို့ မကျေနပ်တဲ့လူထုက တော်လှန်ပုန်ကန်ခြင်း ဖြစ်တယ်။ ဒါကို သင်ခန်းစာယူတဲ့အနေနဲ့ လက်ရှိ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်းက သူတို့အာဏာတည်မြဲရေးအတွက် ဒေသစုံမှာ ခြစားဇိမ်ယစ်နေတဲ့ ပါတီအရာရှိတွေကို ပြင်းပြင်းထန်ထန် သုတ်သင်တယ်၊ နိုင်ငံတဝန်း ဆင်းရဲမွဲတေမှု ကျဆင်းအောင် လုပ်တယ်။ နောက် အဲဒီတော်လှန်ရေးမှာ ကြုံခဲ့ရတဲ့ မတည်မငြိမ်အခြေအနေတွေကို ဝါဒဖြန့်လိုတာ ဖြစ်တယ်လို့ မှန်းဆကြည့်နိုင်ပါတယ်။

ဒါပေမဲ့လို့ ပြင်သစ်တော်လှန်ရေးက ပေးခဲ့တဲ့ ကောင်းမွေတွေဖြစ်တဲ့ ‘လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ သွေးသားရင်းစိတ်ရှိမှု၊ အစိုးရအာဏာသုံးရပ် ခွဲဝေဏာကန့်သတ်မှု၊ အချုပ်အခြာအာဏာကို ပြည်သူက ပိုင်သည်’  စတာတွေနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားသလဲလို့ သမ္မတရှီကျင့်ဖျင် ကို အခုနေ မေးကြည့်ရင်၊ ချူအင်လိုင်း ဖြေသလို “ဒီကိစ္စကို ပြောဖို့ စောပါသေးတယ်” လို့ ပြောဦးမလားပဲ….။ 

ရဲမြင့်ကျော်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024